Unit 17

18 3 0
                                    

ဆောင်းရိပ်အခုထိ မဝင်နိုင်သေးသည့်အတွက် နေ့လယ်ခင်းအပူရှိန်မှာ များလှသည်။ ပန်ကာလေးသည် မများမနေ တဂျက်ဂျက် မြည်သံပေးကာ လှည့်ပတ်နေရရှာသော်လည်း ချောအား အပူဒဏ်မှ ကာကွယ်ပေးနိုင်စွမ်း မရှိပါချေ။

ရာသီဥတုဒဏ်က လွှမ်းမိုးထားသည်က တစ်ကြောင်း၊ ချော အခုတွက်နေသည့် ပုစ္ဆာမှာ အဖြေက မထွက်နိုင်သေးသည်က တစ်ကြောင်း ချော၏ မျက်နှာမှာ အနည်းငယ် သုန်သုန်မှုန်မှုန် ဖြစ်လာခဲ့သည်။

"equation သုံးထားတာကို တစ်ချက် ပြန်စစ်ကြည့်လိုက်ပါဦး"

တပည့်ဖြစ်သူ၏ အခက်အခဲကို ငုတ်တုတ်ကလေး ထိုင်မကြည့်နိုင်တော့သည့် ထိုသူ့ထံမှ စကားသံသဲ့သဲ့ ထွက်ပေါ်၍ လာလေသည်။

ကိုဓနထက်မှာ ချော၏ ဂိုက်ဆရာ ဖြစ်လာခဲ့သည်မှာ နှစ်ပတ်နီးပါး ရှိပြီ ဖြစ်လေသည်။ ချောတို့၏ ကျူရှင်ပိုင်ရှင် ဆရာမကြီးမှာ ကိုဓနထက်၏ ဆရာမလဲ ဖြစ်သလို ထိုသူ၏ အခက်အခဲအား အလုံးစုံနားလည်ထားသူ ဖြစ်လေသည်။

ထို့ကြောင့် ချော ဘက်မှ နေ၍ ကိုဓနထက်အား သီးသန့်ဂိုက်အဖြစ် ငှားလိုကြောင်း ပြောသည့်အခါ ဝမ်းသာအားရဖြင့်ပင် ကိုဓနထက်ထံ စကားကြောင်းပေးလေသည်။ ၄သောင်းဆိုသည့် ငွေကြေးမှာ အနည်းငယ် ကြေးကြီးသည့်အထဲ ပါသော်လည်း ကြီးကြီးကတော့  တစ်ချက်ကလေးပင် လက်မတွန့်ဘဲ ထုတ်ပေးခဲ့သည်။ 

ချောက အိမ်၌ မသင်လိုသဖြင့် ဆရာမကြီးက ချောတို့အား ကျူရှင် အပေါ်ထပ်အား အပိုင်စားပေးထားလေသည်။ 

"ပျိုမေက ဉာဏ်ကောင်းတာပဲကို၊ ဘာလို့ စာမလုပ်တာလဲ"

သူ၏ အခေါ်အဝေါ်သည် ပျိုမေချော ကနေ ပျိုမေ အဖြစ် ပြောင်းလဲသွားသဖြင့် ချော တစ်ခါကတောင် ချော က 'မချောတော့လို့များလား' ဟူ၍ပင် စဖူးလေသည်။ 

"ဉာဏ်ကောင်းတဲ့သူတွေက ပိုပြီး ပျင်းတယ်လို့ ပြောကြတယ် မဟုတ်လား"

ချော၏ စကားကြောင့် ထိုသူ၏ မျက်နှာထက်တွင် အပြုံးရိပ်လေး သမ်းလာသည်။

"ဘယ်သူတွေ ပြောလို့လဲ"

"ရှေးလူကြီးတွေလေ"

QuarkWhere stories live. Discover now