"ပြီးတော့ ရှင်တို့မှာ သက်သေရှိလို့လား? ကျွန်မကတော့ ဒီကလေး သူ့ဘာသာ ချော်လဲပြီး ထိမိတာလို့ပဲထင်တယ်! ဆွဲကြိုးလည်း သူ့ဘာသာသူ ပျောက်တာနေမှာပေါ့။ သူဌေးတွေ ရွာကို လာပြီး ခြိမ်းခြောက်တာ ပထမဆုံး မြင်ဖူးတာပဲတော်"

လယ်တော်အိမ်ကို ဖွင့်ပြီးကတည်းက ချန်ဖန်း သူဌေးများစွာကို တွေ့ဖူးခဲ့သည်။ ဒီလူတွေက ကံကောင်းပြီး ချမ်းသာသွားသူများဖြစ်သလို မွေးကတည်းက ချမ်းသာလာသူများဖြစ်သည်။

သူမကတော့ ယွမ်မုန်ရဲ့ သူဌေးကို မကြောက်ပါ။

ဖိနပ်မစီးတဲ့သူတွေက ဖိနပ်စီးတဲ့သူတွေကို လုံးဝမကြောက်ကြပါလေ။ ( ဆုံးရှုံးစရာမရှိသည့် ဆင်းရဲသူများက အာဏာရှိသူများကို မကြောက်ပါ။) လော့လင်းရှန်း ရဲခေါ်ပြီး ဖမ်းနိုင်မယ်လို့ ချန်ဖန်းကတော့ မထင်ပါ။ အဆိုးဆုံးအခြေအနေဖြစ်သွားရင်တောင်၊ သူဌေးကို အမှားလုပ်မိလို့ သူဒေါသထွက်ရင် အလုပ်ပြုတ်မယ့်သူက သူမမှ မဟုတ်တာ။

လော့လင်းရှန်း မျက်နှာ မည်းမှောင်သွား၏။

ဒီနေ့လိုမျိုး သူဟာ ကလေးတစ်ယောက်ကို ခြိမ်းခြောက်သည့် လူဆိုးတစ်ယောက်အဖြစ် ပြောဆိုခံရမယ်လို့ လုံးဝမထင်ထားခဲ့။

ယွမ်မုန်တစ်ယောက် စိတ်ထဲတွင် လုံးဝမကျေမနပ်ဖြစ်သွားပြီး ရှေ့သို့လှမ်းကာ ပြောလိုက်သည်။  "မရီး စကားပြောဆင်ခြင်ပါ။ ခေါင်းဆောင်နဲ့ မစ္စတာရှီက ခင်ဗျား ဒီလို ပြောရမယ့်သူတွေမဟုတ်ဘူး!"

သူနှင့် လုံးဝမရင်းနှီးသည့် သူ့တူလေးအား မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။ "ခယ့်ဝမ် သခင်လေး ဆွဲကြိုးကို ချက်ချင်း ပေးလိုက်!"

ယွမ်ခယ့်ဝမ်က ချန်ဖန်းနောက်မှာ ပုန်းနေပြီး၊ အံကြိတ်ကာ ဝန်ခံဖို့ကို ငြင်းဆန်နေသည်။ "သား မယူဘူး! မားပြောတာမှန်တယ် ဦးဦးက မျက်ဖြူဝံပုလွေပဲ!"

ထိုစကားကိုကြားသည့်အခါ ချန်ဖန်းက ဒီအခွင့်ရေးကို အသုံးချပြီး အော်ဟစ်ငိုယိုတော့သည်။ "အားလုံးပဲ ဘယ်သူမှားတယ်မှန်တယ်ဆိုတာ ဆုံးဖြတ်ပေးကြပါ အား!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now