"အဲ့ဒီအတွက်တော့ စိတ်မပူနဲ့ ဆရာ"

ချော၏ ဒီအဖြေစကားအား မမျှော်လင့်ထားဟန်တူသည့် ထိုသူ၏ မျက်ခုံးလေးတစ်ဖက်မှာ အကဲခတ်ဟန်ဖြင့် အပေါ်သို့ မြင့်တက်သွားသည်။

"ချောက စာမေးပွဲကျရင် ၆ဘာသာလုံးနဲ့ ညီတူမျှတူ ကျမှာပါ။ ဆရာ့တစ်ဘာသာနဲ့ ကွက်ကျမှာ မဟုတ်ပါဘူး၊ အဲ့တာကြောင့် ဆရာ့ဂုဏ်သတင်းအတွက် စိတ်မပူလဲ ဖြစ်ပါတယ်"

ဒီတစ်ခါတွင်တော့ အတန်းတွင်း၌ ရယ်သံများ လွှမ်းမိုးသွားသည်။ ချောတို့၏ ဆရာဓနထက်ကတော့ ဥပေက္ခာဆိုသည့် ဗြဟ္မာစိုရ်တရားအား လက်ကိုင်ထားလိုက်ဟန်ဖြင့် ချောအား ဘာမှဆက်ပြော၍ မလာလေတော့။

ထိုသူသည် ချောအား အတန်ငယ် စိတ်ကွက်သည့်ဟန် တူပါသည်။ ခါတိုင်း အတန်းပြီးချိန်တွင် ဝတ်ကျေတန်ကျေ အပြုံးလေးတစ်ခု ပေးကမ်းလေ့ရှိသော်လည်း ဒီတစ်ခေါက်တွင်တော့ ချော ထက် အရင် ထွက်သွားလေသည်။

သို့ပေမဲ့ မကြာခင်မှာပင် လမ်းလယ်ခေါင်ကြီး၌ တဖွတ်ဖွတ် မြည်သံပေးနေသည့် ဆိုင်ကယ်စုတ်လေးအား မရမက စက်နှိုးနေသော ဆရာဖြစ်သူအား တွေ့လိုက်ရသည်။

"ဆိုင်ကယ် ပျက်သွားလား ဆရာ"

ချောအား ပြန်ကြည့်လာသည့် ထိုသူ၏ မျက်ဝန်းများသည် စိတ်အနည်းငယ် ရှုပ်ထွေးဟန် ပေါ်ပြီး တစ်ခုခုအား အထင်မြင်သေးသည့် သဘောလဲ ရှိပေသည်။

လမ်းမလယ်ကြီးတွင် ဆိုင်ကယ်ပျက်သွားရ၍ စိတ်ရှုပ်သည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အထင်မြင်သေးဟန်မှာ ချော ကိုများ ဦးတည်နေတာလား။

တကယ်တော့ ထိုသူသည် အစကတည်းကပင် ချောအပေါ် ထားသည့် အမြင်မှာ အတော်လေးကို ရှုပ်ထွေးပွေလီလွန်းလှသည်။ ထိုသူ၏ မျက်ဝန်းများတွင် တစ်ခါတစ်ခါ ချောအတွက် ကရုဏာများ ရှိသလို၊ တစ်ခါတစ်ခါလဲ လှောင်ပြောင်မှုများ ရှိသည်ဟု ခေျာ ခံစားမိသည်။

"အင်း ရုတ်တရက်ကြီး စက်ရပ်သွားပြီး ပြန်နှိုးလို့ မရတော့ဘူး။ ဒီနေ့ မမလေး တစ်ယောက်ကို စာမေးလိုက်မိလို့ ဝဋ်လည်တာ ထင်ပါရဲ့"

ထိုသူသည် မေးဖျားလေးအား မော့ကာ ပြောလိုက်သည့်အတွက်ကြောင့် လည်စလုတ်လေးမှာ ပို၍ ထင်ရှားသွားသည်။ 

QuarkWhere stories live. Discover now