"ကျွန်တော်လာကြိုပြီ ဆရာရှောင်းကျန့်"

သင်ရိုးညွှန်းတမ်းစာအုပ်တွေကိုချည်သားအိတ်အဖြူလေးထဲစီထည့်နေတုန်း စာသင်ခန်းဝကနေဝမ်ရိပေါ်ရဲ့အသံကိုကြားရတယ်။ မတူတော့တဲ့အခြေအနေတွေမှာကုန်းကမူပေါ်စကားမပြောကြတော့ပေမယ့် ကျောင်းဆင်းချိန်တွေမှာတရားဝင်သက်ဆိုင်သူအဖြစ်လာကြိုတဲ့ကောင်လေးကိုစာသင်ခန်းအနားမှာတွေ့ရတတ်ပါတယ်။ ရယ်ခဲ၊ပြုံးခဲတဲ့အဲ့ဒီတောင်ပေါ်သားလေးက ရှောင်းကျန့်ကိုလာကြိုတဲ့ညနေခင်းတွေတိုင်း၊ကုန်ကုန်ပြောရရင်ရှောင်းကျန့်အနားမှာရှိနေသမျှအချိန်တိုင်းလွတ်လွတ်လပ်လပ်ရယ်တတ်ပြုံးတတ်ပါတယ်။

"အဲ့ဒီအိတ်ကျွန်တော့်ကိုပေး"

ကလေးတွေနောက်ကနေရှောင်းကျန့်ထွက်လာတာနဲ့ဝမ်ရိပေါ်ကဆီးကြိုပြီးချည်သားအိတ်ကလေးကိုတောင်းတယ်။ ညနေခင်းတိုင်းရဲ့ပြယုဂ်တစ်ခုလိုဖြစ်နေပေမယ့် ရှောင်းကျန့်ကတော့အိတ်ကိုအသာတကြည်လက်လွှဲပေးရင်းနှစ်သိမ့်ကြည်နူးရပြန်တာပါပဲ။ ချစ်ရတဲ့သူမို့နဲ့တူပါရဲ့။ ဂရုစိုက်မှုသေးသေးလေးဆိုရင်တောင် ပန်းကလေးတစ်ပွင့်နမ်းရှိုက်ရသလိုနှလုံးသားအထိမွှေးပါတယ်။ ပြီးတော့နွေးပါတယ်။

"ပင်ပန်းသွားပြီလား ကျွန်တော့်ကြင်ယာဖက်လေး"

ရှောင်းကျန့်ဆံပင်တွေကိုလက်နဲ့အသာဖွဖွသပ်တင်ပေးရင်း ဝမ်ရိပေါ်ကမေးပါတယ်။မြတ်နိုးနှစ်သက်တဲ့မျက်ဝန်းတွေနဲ့ရှောင်းကျန့်ဆံပင်တွေကိုတယုတယထိတွေ့ကိုင်တွယ်တတ်တဲ့ဝမ်ရိပေါ်က ကျောင်းဆင်းချိန်တိုင်းဒီမေးခွန်းကိုလည်းတခုတ်တရမမေ့မလျော့မေးတတ်ပါသေးတယ်။ ရှောင်းကျန့်ကတော့'ကျွန်တော့်ကြင်ယာဖက်လေး'လို့ဝမ်ရိပေါ်ခေါ်လိုက်တိုင်း ဒီအမျိုးသားငယ်ကိုတစ်ကြိမ်ထပ်ပြီးချစ်မြတ်နိုးမိပြန်ပါတယ်။

"မပင်ပန်းပါဘူး အနားမှာရိပေါ်ရှိနေတာပဲလေ"

အပြုံးနွေးနွေးနဲ့ခေါင်းအသာယမ်းရင်းရှောင်းကျန့်ပြောတဲ့အခါ ဝမ်ရိပေါ်ကလည်းထပ်တူညီတဲ့အပြုံးမျိုးနဲ့ခေါင်းညိမ့်ပါတယ်။ ပြီးတော့ရှောင်းကျန့်လည်ပင်းကမာဖလာကိုပိုပြီးခိုင်အောင်ချည်ပေးလာတယ်။ 'ဒီနေ့အေးတယ်'တဲ့။ ဒါကလည်းရာသီဥတုမရွေးအေးနေတတ်တဲ့ချင်းလုံမှာ 'ခင်ဗျားကမြေပြန့်ကမို့ဖျားမှာစိုးတယ်'ဆိုတဲ့အကြောင်းပြချက်နဲ့ဝမ်ရိပေါ်ကိုယ်တိုင်ဝတ်ပေးထားတဲ့မာဖလာပါပဲ။ မျိုးတူယောကျာ်းသားချင်းဆိုပေမယ့် ဒီတိုင်းရင်းသားငယ်လေးကိုရခဲ့တဲ့အတွက်၊ဒီမျိုးနွယ်စုခေါင်းဆောင်ရဲ့ကြင်ယာဖက်ဖြစ်ခွင့်ရတဲ့အတွက် ရှောင်းကျန့်တကယ်ကံကောင်းပါတယ်။ ဒီအမျိူးသားလေးကရှောင်းကျန့်ကိုအရိပ်တကြည့်ကြည့်မြတ်နိုးမဝဖြစ်နေတုန်းပါပဲ။

Light Of The 'YuLong' [Complete]Where stories live. Discover now