အခန်း (၂၈)
စေလွန်းရာ မြင်လိုက်ရသော အခြင်းအရာကြောင့် အံ့သြသွားမိသည် ။
ထို သစ်တောက်ငှက်ပုံ သော့ချိတ်ကလေးသည် သူ ဟိုစဉ် ခြောက်နှစ်ကျော်လောက်ကတည်းက ကျပျောက်ခဲ့သော သော့ချိတ်ကလေး ဖြစ်သည် ။
နောက်တစ်ခုမှာမူ သူ စီနီယာ့ကို ကိုယ်တိုင် လုပ်ပေးခဲ့သော သော့ချိတ်ကလေးဖြစ်သည် ။
သူကိုယ်တိုင် ခက်ခက်ခဲခဲ လုပ်ထားရသောအရာမို့ သူ ဘယ်သောအခါမှ မေ့နိုင်မှာ မဟုတ်ပေ ။" မင်း လက်ထဲမှာ ကိုင်ထားတာကို အခုချက်ချင်း ချလိုက်... "
အနောက်က အသံထွက်ပေါ်လာသောကြောင့် စေလွန်းရာ လှည့်ကြည့်လိုက်တော့ သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်နေသော စီနီယာ၏ မျက်လုံးအစုံကို မြင်တွေ့လိုက်ရသည် ။
" ဟို... စီနီယာ... "
သူ ပြန်ပြောဖို့ ကြိုးစားလိုက်သော်လည်း စီနီယာက သူ့ကို ဆက်ပြောခွင့် မပေးချေ ။
" မင်း ဘာမှ ဆက်မပြောနဲ့... "
စီနီယာ၏ ပုံစံက ဒေါသကြီးနေသလို ဖြစ်နေသောကြောင့် သူ အနည်းငယ် ထိတ်လန့်လာမိသည် ။
သို့သော် သူ ထို သစ်တောက်ငှက်ပုံ သော့ချိတ်များအကြောင်းကို စီနီယာ သိအောင် ကြိုးစား၍ ရှင်းပြချင်နေမိသေးသည် ။" ကျွန်တော် ရှင်းပြပါရစေဦး... "
" ဘာမှ မရှင်းပြနဲ့.... "
စီနီယာက ပြောပြောဆိုဆိုနှင့် သူ့အနား ရောက်လာပြီး သူ့လက်ထဲက သော့ချိတ်နှစ်ခုကို ဆတ်ခနဲ ဆွဲယူပစ်လိုက်လေသည် ။
" နောက်ဆိုရင် အခန်းထဲမှာ ရှိတဲ့ ကိုယ်နဲ့ မဆိုင်တဲ့ ဘာပစ္စည်းကိုမှ မထိမကိုင်ပါနဲ့... "
ပြောပြီးသည်နှင့် စီနီယာက ထိုပစ္စည်းများကို ဆွဲယူပြီး သူ့အနီးက ထွက်သွားလေတော့သည် ။
စေလွန်းရာ ဘာမှ ပြန်မပြောလိုက်နိုင်ဘဲ ကြောင်အ၍ ကျန်ခဲ့ရလေသည် ။
စီနီယာက သူ့ကို နည်းနည်းလေး ရှင်းပြခွင့်တောင် မပေးဘူးပဲ ။
ပြီးတော့ စီနီယာ့ ပုံစံက ဒေါသတကြီးနှင့် ရန်လိုနေပုံပေါက်နေသည် ။
ဘာကြောင့်များ ဒီသော့ချိတ်ကလေးကို ကိုင်ရုံနှင့် စီနီယာက သူ့ကို ဒေါသတကြီး တုန့်ပြန်ရပါလေသလဲဟု သူ မတွေးတတ်ပေ ။