အခန်း (၁၄)
" ဆောရီး... တို့ မင်းအချစ်ကို လက်မခံနိုင်ဘူး... "
ဖဲလ်နီက တစ်ခွန်းထဲနှင့် ကောင်းခေတ္တရာ ကို တည်ငြိမ်ပြတ်သားစွာ ငြင်းဆိုလိုက်သည် ။
ကောင်းခေတ္တရာ ဖဲလ်နီကို မျက်နှာငယ်လေးနှင့် ကြည့်လိုက်မိသည် ။
ဘယ်လိုတောင် ရက်စက်လိုက်တဲ့ လူသားလဲ ။
စကားကလည်း အေးစက်မာကျောလိုက်တာ ။နည်းနည်းပါးပါးလေး စဥ်းစားပါဦးမယ် ဆိုပြီးတော့တောင် ဟန်ဆောင်ပန်ဆောင် မပြောဘူး ။
ရင်နာလိုက်တာ... ။
သူ့လို အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ alpha လေးအတွက် ပထမဆုံး အကြိမ် ဖွင့်ပြောတာမှာတင် အငြင်းခံလိုက်ရတာ ။
လူပျိုပေါက်ကလေးရဲ့ ရင်ထဲမှာ စိတ်ဒဏ်ရာတောင် ရသွားပါပြီနော် ။" နည်းနည်း စဥ်းစားပေးပါဦးလား ဖဲလ်နီရယ်... "
သူ တောင်းပန်သံလေးစွက်ပြီး ပြောလိုက်တော့ ဖဲလ်နီက သူ့ကို ခေါင်းခါပြသည် ။
" တို့ တစ်ခါထဲ အပြတ်ပြောထားတာ... တို့ ချစ်သူထားဖို့ စိတ်မဝင်စားဘူး... "
" ကျွန်တော်နဲ့မို့လို့ မဟုတ်လား... "
သူ မကျေမချမ်း ဆက်ပြောလိုက်သည် ။
" ကောင်း နဲ့မှ မဟုတ်ဘူး... ဘယ်သူနဲ့မှ တို့ တွဲဖို့ စိတ်မဝင်စားသေးဘူး... "
ကောင်းခေတ္တရာ ဖဲလ်နီကို မျက်ရည်လည်သော မျက်လုံးလေးများနှင့် ကလယ်ကလယ်ကြည့်လိုက်မိသည် ။
သို့သော် ထိုလူသားကတော့ သူ့ကို နည်းနည်းလေးမှတောင် သနားသည့်ပုံ မပေါ်ပါချေ ။
အသည်းနှလုံးက မာကျောလိုက်တဲ့လူသား ။" ဒါပေမယ့် ကျွန်တော်က ဖဲလ်နီကို တကယ်ချစ်တာလေ... နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ကြိုးစားဖို့ ကျွန်တော့်ကို အခွင့်အရေးပေးမယ်ဆိုရင်... "
" ကောင်း ပြောစရာ မရှိတော့ဘူး ဆိုရင် တို့ သွားတော့မယ်... အစက ပြောစရာရှိတယ် ဆိုတာ ရည်းစားစကားပြောဖို့မှန်းသိရင် လိုက်တောင် မလိုက်လာပါဘူး... ဒါပဲ...တို့ ပြန်ပြီ..."
ပြောဆိုပြီး အလျင်အမြန် ထွက်သွားသော ဖဲလ်နီကို ကောင်းခေတ္တရာ ငေးကြည့်ကာ ကျန်ခဲ့ရသည် ။
ငြင်းသွားတဲ့အပြင် ချက်ချင်းကို ထားသွားတော့တာပါပဲလား ။
အဲ့လောက်တောင် ပြတ်သားရသလား ။