မနက်မိုးလင်းရုံရှိသေးတယ် အိမ်အောက်ထပ်က လှုပ်လှုပ်လှုပ်ရွရွ ဖြစ်နေတာကြောင့် ဂျွန်ကယူ သက်ပြင်းချလိုက်မိသည်။ဖေဖေ တို့ အလုပ်ကိစ္စကြောင့် ခရီးသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါလိမ့်မည်။
"ဒေါက် ဒေါက်"
တံခါးကို လာခေါက်တဲ့ အသံကြောင့် ဂျွန်ကယူ အလိုလို စိတ်တွေနောက်ကျိလာလေသည်။တကယ်ပါပဲ အေးအေးဆေးဆေးနေချင်တာကို ။
"လာပြီ"
ဂျွန်ကယူ ကုတင်ပေါ်က အတင်းပြေးထကာ တံခါးဖွင့်လိုက်တော့ အနက်ရောင် အနောက်တိုင်း ဝတ်စုံပြည့်နှင့် ကြည့်ကောင်းနေသော ဒိုယောင်းငယ်။
လက်ထဲမှာလည်း အနက်ဗူး တစ်ဗူးကို ကိုင်ထားရင်း မတ်တပ်ရပ်နေလေ၏။စုပုတ်နေပေမယ့် ကြည့်ကောင်းမှုက တစ်စက်ကလေးမျှ လျော့ကျမသွားပါ။
"အင်း!!"
"ကိုကို့အတွက် ဖေဖေလာပို့ခိုင်းတာ။"
"င့ါအတွက် ဟုတ်လား။ဘယ်ကို သွားကြမလို့လဲ"
ကင်မ်ဒိုယောင်း မဖြေမိ။အခုအချိန်မှာ မျက်လုံးမှိတ်ပြီး ဘာမှမသိသလို အိပ်စက်ပစ်လိုက်ချင်မိပါ၏။
"တစ်နေရာကိုပေါ့ ကိုကိုရယ်။"
"အဲ့ဒီ့ တစ်နေရာက ဘယ်နေရာလဲ"
မှတ်ဉာဏ်အားနည်းပေမယ့် ပင်ကို ဉာဏ်ရည်ထက်သော ကိုကိုဟာ သိပ်ကို အမေး ကျွမ်းကျင်လှပါသည်။အိပ်ယာနိုးခါစ ပုံစံလေးကိုက အသဲယားစဖွယ်။
တွန့်ချိုးနေသော မျက်ခုံးတန်းတွေနဲ့ ဆူပုတ်နေသော နှုတ်ခမ်းပါး နှစ်သွယ်က ငေးမောပစ်ချင်စရာ ဆေးပန်းချီလေးပမာ။အရောင်အသွေးကြွနေတဲ့ ပန်းချီကားလေးကို အခုလိုပဲ ငေးကြည့်ချင်ပါသည်။
အခြားသူတွေ ဖျက်ဆီးပစ်မှာကို မလိုလားသလို ဒိုယောင်းကိုယ်တိုင် မထိရက်မကိုင်ရက် ပြုစုပျိုးထောင်ချင်ပါသည်။ကိုကို့ကို ဘယ်သူ့လက်ထဲမှ မထည့်ချင်တာ ဒိုယောင်း၏ အကြီးမားဆုံး လောဘ တစ်ခု ဖြစ်ပါလိမ့်မည်။
"ကိုကို ဟိုရောက်ရင် သိရလိမ့်မယ်။အများကြီး တွေးမနေပါနဲ့။သာမန် နေ့လည်စာ စားပွဲတစ်ခုပါပဲ။"