Part-29

151 13 3
                                    

Unicode version

ဒေါက်!

ဒေါက်!

ဒေါက်!

ပြတင်းပေါက်ဆီကနေ အဆက်မပြတ်ထွက်ပေါ်လာနေတဲ့ တဒေါက်ဒေါက်အသံကြောင့် စောင်ပုံထဲမှာ မြုပ်ပြီး အိပ်လုနီးနီးဖြစ်နေတဲ့ မြူရှင်းကိုကိုလည်း အသိစိတ်ထင်းထင်းလင်းလင်းနဲ့ ခေါင်းထောင်ကြည့်ရတော့သည်။

ဒေါက်!

မျက်လုံးရှေ့မှာတင် ပြတင်းပေါက်ကိုလာမှန်ပြီး အောက်ပြန်ကျသွားတဲ့ ခဲလုံးလေးတွေကိုသာ မမြင်လိုက်မိပါက သရဲခြောက်နေတယ်လို့ပင် အထင်မှားမိတော့မည်ဖြစ်၏။

ပြတင်းမှန်ကို လာရောက်ထိမှန်တဲ့ ခဲလုံးလေးတွေက သေးငယ်ကြတာမို့ အခန်းထဲမှာရှိနေတဲ့ မြူရှင်းကြားနိုင်ရုံလောက် အသံကိုသာ ဖြစ်ပေါ်စေလေသည်။

နောက်ထပ်အသံထပ်ပြီးမထွက်ပေါ်လာခင်မှာပဲ မြူရှင်းလည်း စိတ်မရှည်စွာနဲ့ စောင်ထဲကနေ ဝုန်းခနဲထထွက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တော့

တောက်!

ပြတင်းတံခါးကို ဖွင့်လိုက်တာမို့ အောက်ကနေပျံသန်းလာတဲ့ ခဲလုံးလေးက ပြတင်းမှန်ကို မထိတော့ပဲ မြူရှင်းပါးကိုသာ လာမှန်လေတော့၏။မြူရှင်းလည်း အိပ်ခါနီးဆဲဆဲမှာ လာပြီးနှောင့်ယှက်ခံလိုက်ရတာမို့ စိတ်တိုချင်လုလုဖြစ်နေရတဲ့ကြားထဲမှာ ခဲကပါလာမှန်လေတော့ ဒေါသတွေက ပေါက်ကွဲထွက်နေပြီဖြစ်သည်။မျက်လုံးကို တင်းတင်းမှိတ်ပြီး အသက်ပြင်းပြင်းရှူကာ သူ့အခန်းရှိတဲ့ ဒုတိယထပ်ကနေ အောက်ကိုငုံ့ကြည့်တော့ မှောင်ရိပ်သန်းနေတဲ့ ခြံဝန်းကိုသာ အရင်မြင်လိုက်ရ၏။

တဖြည်းဖြည်းနဲ့ မျက်လုံးတွေက အမှောင်ထုနဲ့ နေသားကျလာတဲ့အခါမှာတော့ ခြံဝန်းထဲဖြာကျနေတဲ့ လရိပ်ရောင်ကြောင့် တလှုပ်လှုပ်လက်ယမ်းပြနေတဲ့ လူရိပ်သဏ္ဍာန်လေးကို ထင်ထင်ရှားရှားတွေ့လာရ၏။

ခဏလောက် စူးစိုက်ကြည့်အပြီး လူရိပ်ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ မြူရှင်းရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေက အနည်းငယ်တွန့်ကွေးကာဖြင့် ခြံဝန်းထဲကလူကို လက်ကလေးတစ်ဖက်မြှောက်ပြပြီး ခဏစောင့်ဖို့ အမူအရာလုပ်ပြလိုက်လေသည်။

CLOVER Where stories live. Discover now