Chapter 14 - Unicode

9.1K 777 13
                                    

"ကိုယ့်ကို စိတ်ဆိုးနေတာလား"

ညသန်းခေါင်အချိန်တွင် ရောက်ရှိလာသည့် Messenger မှစာကြောင့် သျှင်မင်းသန့်ကြည့်လက်စဖုန်းကိုပင် ပိတ်ပစ်လိုက်သည်။ ခြင်သိပ်မကိုက်သော်လည်း ခြင်ထောင်ထောင်ပြီးအိပ်တတ်တာမို့ ခေါက်ခြင်ထောင်အပြာလေးသည် မျက်နှာကျက်ကိုမြင်နိုင်ရန် အနည်းငယ်ကာထားလေသည်။

"မြောင်"

သျှင်မင်းသန့်ထကြည့်လိုက်တော့ ဟန်နီက ခြင်ထောင်အနောက်ဘက်ကခုထားသည့်နေရာကို ၀င်တိုးနေသည်ကိုတွေ့လိုက်ရ၏။

"တူတူအိပ်ချင်လို့လား ဟန်နီ"

ဆောင်းရာသီဖြစ်တာမို့ ခြုံထားသည့်ဆောင်အထူကိုဖယ်လိုက်ရင်း ဟန်နီ့ကိုပွေ့ချီကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။ ထို့နောက် သူလှဲအိပ်လိုက်တော့ ဟန်နီက သူ့လက်မောင်းပေါ်မေးလေးတင်ကာ လာအိပ်၏။

သျှင်မင်းသန့် စောင်ကိုအနည်းငယ်ဆွဲခြုံလိုက်ကာ ဟန်နီ့ကိုပွတ်သပ်ပေးနေလိုက်သည်။ ကြောင်မလေးက သူ့ကိုခင်တွယ်သည်မို့ ကွေးကွေးလေးတိုးလာကာ အိပ်တော့သည်။

မအိပ်နိုင်သည်က သျှင်မင်းသန့်ကလွဲ အခြားလူမရှိချေ။ နဖူးပေါ်လက်တင်ပြီးလည်းမစဥ်းစားနိုင်သလို၊ ဘာကိုစိတ်တွေရှုပ်တွေးနေမှန်းလည်းမသိ။ ထိုနေ့က မြင့်မြတ်ပိုင်နောင်သည် ထိုလူကြီးမှန်းသိလိုက်ပြီးသည့်နောက်တွင် ခံစားလိုက်ရသည့်ခံစားချက်ကြောင့် တီချယ်မိုးမြတ်နောင်တို့ကိုပင် နှုတ်ဆက်ကာ အိမ်တန်းပြန်လာခဲ့သည်။

"ကျွန်တော်က အရူးကြီးလိုပဲ"

အဲ့လောက်ထိအေးစက်နိုင်လွန်းသည့် မြင့်မြတ်ပိုင်နောင်ကိုလည်း သူအံ့သြသည်။ ဖြေရှင်းတာတွေဘာတွေလည်းမရှိ၊ အကျိုးအကြောင်းလည်းမပြောသည့်လူကို တကယ်အံ့သြမိ၏။ သူ့ကိုအရူးလုပ်နေသလိုလည်းခံစားရသလို သူကိုယ်တိုင်က တကယ်အရူးကြီးဖြစ်နေသလို တွေးမိရသည်။

အနည်းဆုံးတော့ သူ့ကိုသိနေတာတောင်၊ သူမှန်းသိနေတာတောင် တစ်ချက်ကလေးမှ ထိုလူကြီးဟာ သူပါလို့ အရိပ်အယောင်မပြေခဲ့ချေ။ 

HONEYWhere stories live. Discover now