Chapter 12 - Zawgyi

Start from the beginning
                                    

"စကားပြောလို့မရဘူးလား"

သူမေးလိုက်တော့ မျက်လုံးလေးတွေဝိုင်းစက်သွားသည့် ကောင်ကလေးက ခေါင်းကလည်းညိတ်ပြသည်။

"ဘာမှမဖြစ်ဘူးနော်၊ ကိုကိုတို့ ပန်းကူကောက်ပေးမယ် တူတူ"

သူပြောလိုက်တော့ ထိုကောင်လေးဆီက အပြုံးဟုမဆိုသာသည့် ခပ်နွမ်းလျလျအပြုံးလေးတစ်ခုကို တုံ့ပြန်ရရှိလိုက်သည်။

"ဦးလေးကြီးရော ကူကောက်ပေးမယ်မို့လား"

အမေးစကားနှင့်အတူ သူ့ကိုပြိုင်တူမော့ကြည့်လာသည့် မျက်ဝန်းနှစ်စုံ၊ တစ်စုံက အရောင်တွေကင်းစင်နေပြီး ကြည်လဲ့နေသည့် မျက်ဝန်းဝိုင်းဝိုင်း၊ တစ်စုံက ရောင်စုံမီးလုံးလေးတွေစီချိတ်ထားသလို ၀င်းလဲ့နေသည့် လှပသည့် မျက်ဝန်းချိုချို။ မြင့်မြတ်ပိုင်နောင်တွင် ငြင်းနိုင်ရန် အကြောင်းအရင်း အလျင်းမရှိတော့ချေ။

"အင်း"

ဖွေးဖွေးလှုပ်နေသည့် ဧကရာဇ်ပန်းတွေကို ကောက်ရသည်က သိပ်ပင်ပန်းသည့်အလုပ်တော့မဟုတ်ပါချေ။ မြင့်မြတ်ပိုင်နောင် သေချာလေးကောက်ပေးလိုက်ပြီးနောက် ဧကရာဇ်ပန်းအများကြီးနှင့်အတူ သူတို့သုံးယောက်လုံး အပင်ခြေရင်းအောက်တွင် ထိုင်ဖြစ်ကြ၏။

သင်းပျံနေသည့် ဧကရာဇ်ပန်းအနံ့သည် ဆောင်းမနက်ခင်း၏ လေနုသွေးနှင့် အလွန်လိုက်ဖက်လှသည်။ ခပ်စိမ့်စိမ့်ကလေးအေးသည့် အအေးတွင် သစ်လွင်သော ခံစားချက်တို့ကိုပေးစွမ်းနိုင်၏။

ထိုကောင်လေးက ဧကရာဇ်ပန်း၏ ရိုးတံတို့ကို လှလှပပပင် ဆံကျစ်ပုံစံဖြစ်အောင် သေချာကျစ်နေလေသည်။ သွက်လက်နေသည့် လက်သေးသေးလေးတွေက ပန်းကျစ်သည်နှင့် အသားကျနေပုံပင်။ ထို့ပြင် ထိုကောင်လေးက မြင့်မြတ်ပိုင်နောင်တို့ကိုလည်း ပန်းကျစ်နည်းသင်ပေးသေး၏။

"ဟာ ကျိုးသွားပြီ"

သျှင်မင်းသန့်ဆီမှ အလိုမကျသံသည် တစ်ချက်တစ်ချက်ထွက်ပေါ်လာသေးသည်။

"ဦးလေးကြီး ကြည့်ဦး ပြုတ်သွားပြီ"

သူအရှည်ကြီးကျစ်ပြီးမှ လွတ်ထွက်သွားပြန်တာကြောင့် ပန်းကုံးက နှစ်ပိုင်းကွဲသွားသည်ကို ယူကြုံးမရလာပြနေသည်။ မြင့်မြတ်ပိုင်နောင်လက်ထဲရှိပန်းကုံးတွင်တော့ ပွင့်ချပ်များက အကောင်းတိုင်းရှိမနေချေ။

HONEYWhere stories live. Discover now