UNICODE
🌙🪷🌕
အောက်တိုဘာ (၃၁)၊ ၂၀၀၁ ခုနှစ်။
မနက်ဖြန်၊ သန်ဘက်ဆိုလျှင် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်အခါသမယကို ရောက်ရှိတော့မည်ဖြစ်သောကြောင့် သာယာကုန်းရွာရှိ ရွာသူရွာသားအပေါင်းမှာ ပျော်ပွဲရွှင်ပွဲ၊ ဘုရားရေးတရားရေးနှင့် ကုသိုလ်ရေးတွေအတွက် လှုပ်လှုပ်ရှားရှားဖြစ်နေကြ၏။
ရပ်ရေးရွာရေး၊ ပျော်ပွဲရွှင်ပွဲဆိုလျှင် ဒိုင်ခံနှိုးဆော်တတ်သူဖြစ်သည့် သာယာကုန်းရွာ၏ရွာ့မျက်နှာဖုံး ဦးတိုး၏အိမ်မှာဖွင့်ထားသည့် ပွဲတိုင်းကျော် မိုက်(၅)လုံးဆီမှ "ငယ်ကျွမ်းဆွေ"သီချင်းနဲ့ "သီတင်းကျွတ်ခဲ့ပြီကွယ်"သီချင်းတို့ကတစ်လှည့်စီ ရွာလယ်ကနေ ရွာတစ်ဝန်းလုံးဆီသို့ လွင့်ပျံ့နေပေသည်။ သို့ကြောင့် ရွာသူရွာသားတွေဟာဖြင့် ဟိုဟာလေးလုပ်လည်း သီချင်းလေးတမြမြ၊ ဒီဟာလေးလုပ်လည်း သီချင်းလေးတညည်းညည်းနဲ့ လမ်းလျှောက်လျှင်တောင် ခြေဖဝါးဟာ မြေကြီးနဲ့မထိ မြောက်ကြွမြောက်ကြွဖြစ်နေသည့်နှယ် အားလုံးက မြူးကြွနေပေ၏။
မနက်ဖြန်ညနေ ဆွမ်းတော်ကြီးကပ်အတွက် နှိုးဆော်သူကနှိုးဆော်၊ ကုသိုလ်ပြုပါဝင်ကြမည့်သူများကလည်း နိဗ္ဗာန်ဈေးမှာ မည်သို့မည်ပုံ ပါဝင်ကြမည်ဟု ကြွေးကြော်ကြလျက်ရှိသည်။ ထို့အပြင် တန်ဆောင်တိုင်နှင့်ဘုံကထိန်ကို မည်သည့်ရက်မှာ ကျင်းပကြမည်လဲ၊ ဘယ်ဆိုင်းဝိုင်းကိုငှားကြမည်လဲ၊ မည်သို့မည်ပုံ စီစဉ်ကြမည်လဲဆိုတာကိုပါ ဆွေးနွေးစကားပြောကြတာကြောင့် ရွာလယ်တန်ဆောင်းနှင့် ရွာဦးဘုန်းကြီးကျောင်းမှာတော့ ဘုရားဒကာ၊ ကျောင်းဒကာနှင့် ဂေါပကလူကြီးတွေ၊ ကာလသားခေါင်းဆောင်တွေဟာလည်း ခြေချင်းလိမ်နေပေတော့၏။
ထို့အတူဘဲ "လွတ်သွားသည့်နွားဟာ သုံးနှစ်ကြာလျှင်တောင် ချည်တိုင်ကိုမမေ့ဘူး"ဆိုသလို နယ်ရပ်အဝေးကို ရောက်နေကြသူများကလည်း အစိုးရရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်လေးမှာ ကိုယ့်မွေးရပ်ချက်မြှုပ် ဇာတိရပ်ရွာကလေးတွေဆီ ယမန်နေ့တွေကတည်းက အသီးသီးပြန်လာကြလျက်ရှိလေသည်။
YOU ARE READING
"လရောင်နမ်းမှ မွှေးသည့်ပန်း" (Ongoing)
Romance"မုဒြာဆိုတဲ့ပန်းကလေးကို အနမ်းရိုင်းနဲ့အရှက်ပိုအောင်လုပ်မိရင် ကျုပ်ကဘဲတောင်းပန်ပါတယ်၊ ပထမဆုံး အစစ်အမှန်ချစ်မိသွားတဲ့သူလေးမို့ စိတ်လောပြီးရမ်းကားမိခဲ့တယ်၊ ဒါပေမယ့်ခင်ဗျားမှ ကျုပ်ရဲ့ကတော်မလုပ်ရင် ဘဝခရီးကြမ်းမယ် တစ်ကိုယ်တည်းအထီးကျန်ရတော့မယ့်ကောင်ပါ၊ ဒါက...
