“တော်တော်လေး လွယ်ကူရိုးရှင်းတဲ့အလုပ်တခုပဲ၊ ဟုတ်ရဲ့လား? စိတ်မပူပါနဲ့၊ မင်းတို့ခုထိမပြီးပြတ်သေးပါဘူး! မင်းတို့ကိုယ်တိုင်လည်း နွားလှည်းမောင်းဖို့လိုလိမ့်ဦးမှာ!”

အနှီသူက မျက်လုံးများမှေးကျဉ်း၍ကြည့်လာသည်။

“သယ်ယူပို့ဆောင်ရေးနည်းလမ်းအသစ်ကို တွေ့ကြုံခံစားဖို့ မင်းတို့ကိုအခွင့်အရေးပေးလိုက်တာ။ ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူးနော်”

ယွီချင့်ဟွမ်နှင့် ကျောက်ချင်းယွမ် “…”

ထိုအလုပ်မှာ မိန်းကလေးတွေအတွက်တော့ သေချာပေါက်ကို မသင့်တော်မအပ်စပ်ပေ။ သို့နှင့် ယွီချင့်ဟွမ်က ဝမ်ချန်ချန်နဲ့ထုံချင်တို့အား ခေတ္တစောင့်ဆိုင်းနေဖို့ပြောလိုက်ပြီး သူနဲ့ကျောက်ချင်းယွမ်က ထိုကိစ္စကိုကိုင်တွယ်ဖို့လုပ်၏။

မထင်မှတ်ထားပါပဲ ဝမ်ချန်ချန်ကရှေ့တက်ပြီးဆိုလာသည်။ "တို့ကိုကြိုးစားခွင့်ပြု"

သူမမျက်နှာပေါ်တွင် မိတ်ကပ်ခပ်ပါးပါးလိမ်းခြယ်ထား၏။အနည်းငယ်ပင်ပန်းနွမ်းလျနေပုံရသော်လည်း သူမ၏စိတ်နေစိတ်ထားနှင့်ရုပ်ရည်သွင်ပြင်မှာ ပုံမှန်အတိုင်းပြီးပြည့်စုံနေဆဲပါပေ။နေရာတွင်ဒီတိုင်းလေးရပ်နေရုံမျှဖြင့်ကို အနှိုင်းမဲ့နတ်ဘုရားမတစ်ပါးပင်ဖြစ်တော့သည်။ ‌

ယခုအခါ ထိုနတ်ဘုရားမမှ နွားလှည်းမောင်းနှင်ခွင့်ပြုပါရန် အမှန်တကယ်ဆန္ဒပြုတောင်းဆိုလာခဲ့ပေ၏!

သူမ၏ပရိသတ်များမဆိုထားနှင့် ပရိုဂရမ်အဖွဲ့သားအားလုံးပင်လျှင် ထိုအရာမှာ သူတို့၏အသိစိတ်နှင့်လုံးလုံးဆန့်ကျင်ကာ လိပ်ပြာမလုံသလိုခံစားကြရပေသည်။

သို့ဖြင့် ဝမ်ချန်ချန်အပေါ် သူတို့အမြင်သဘောထားက ပိုပို၍ကောင်းလာကြသည်။ လူငယ်ကြယ်ပွင့်အများစုသည် ကျော်ကြားမှုလေးအနည်းငယ်ရလာတာနှင့် သိပ်မကြာမီတွင် သူတို့ကိုသူတို့တပါးသူထက်သာလွန်ကြောင်း မှတ်ယူလေ့ရှိကြသည်။

သို့ပေမယ့် ဝမ်ချန်ချန်ကိုကြည့်ပါ! သူမမှာအကျင့်စာရိတ္တကောင်းမွန်လှကာ အမျိုးသားငွေကြယ်ပွင့်များစွာ သူမအပေါ်ကြွေဆင်းကုန်ကြတာ အံ့ဩလောက်စရာမရှိလှ!

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now