"ချောလဲ ငါတို့နဲ့ လိုက်ခဲ့ပါလား" 

စိမ်းသည် ချော၏ လက်ကလေးအား ဆွဲယူပြီး ဘယ်ညာလွဲကာ ပြောသည်။ ချောကတော့ သစ်သစ်၏ တောင့်တင်းသွားသည့် မျက်နှာအား တချက်ကြည့်လိုက်ပြီး အရယ်လေး နှောကာ ငြင်းဆိုလိုက်သည်။

"ငါက စာမေးပွဲ ဖြေနိုင်တော့ တကူးတက အနှစ်သိမ့်ခံဖို့ မလိုဘူး"

စိမ်းကတော့ ဘာမှပြန်မပြောတော့သော်လည်း မျက်နှာကလေး ပိုညှိုးသွားသည်။

"တခြားလုပ်စရာမရှိရင် လိုက်ခဲ့ပါလား ချောရယ်"

သစ်သစ်မှာ ထပ်မံကြည့်နေနိုင်စွမ်း မရှိတော့သဖြင့် ဝိုင်းကူကာ မဲဆွယ်ပေးသည်။ ချောသည် အဖြေပြန်မပေးသေးဘဲ သစ်သစ်ကိုသာ မျက်လွှာဝင့်ပြီး တစ်ချက်ကြည့်လိုက်သည်။

"ချော သူငယ်ချင်းက ချော မလိုက်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး"

ချော သူငယ်ချင်း ဆိုတဲ့ နေရာလေးမှာ ပိုပိုသာသာလေး ဖိပြောလိုက်တဲ့ သစ်သစ်ကြောင့် ချော ပြုံးလိုက်မိသည်။ 

သစ်သစ်သည် ချောအား လိုက်ပို့ပြီးသည့် နောက်ပိုင်းတွင် ချောနှင့် တွေ့လေတိုင်း အိုတိုးအမ်းတန်း ဖြစ်နေတတ်ပြန်သည်။ 

ချောကို တွေ့လေတိုင်း သစ်သစ်၏ မျက်ဝန်းထဲတွင် ပဋိပက္ခဖြစ်မှုတို့က ပိုမို ထင်ရှားလာတတ်သည်။

ချောသည် စိတ်ဖတ်နိုင်စွမ်း ရှိသည့် သူတစ်ယောက် မဟုတ်သည့်အတွက် သစ်သစ်၏ စိတ်ထဲတွင် ဘယ်လို ဝိရောဓမျိုး လွန်ဆွဲနေမှန်း ခန့်မှန်းနိုင်စွမ်း မရှိပါချေ။

သို့ပေမဲ့  စိမ်းတို့၊ သစ်သစ်တို့ ကြီးပြင်းခဲ့ရာ ရှေးရိုးစွဲသည့် မိသားစု အသိုင်းအဝိုင်းက စံနမူနာသတ်မှတ်ထားသည့် မိန်းမသား တစ်ယောက်၏ တန်ဖိုးက ဘယ်လိုဘယ်ပုံရှိမှန်း ချော ရိပ်မိပါသည်။ 

သစ်သစ် ဦးဆောင်ခေါ်သွားရာ အအေးဆိုင်က တက္ကသိုလ် နယ်နမိတ်နှင့် နီးလှပြီး ချောတို့၏ ကျောင်းနှင့်တော့ လှမ်းလွန်းလှသည်။

ဆိုင်လေးမှာ သေးငယ်လှသော်လည်း ထည်ထည်ဝါဝါ ရှိလှသည်။ မီနူးကဒ်တွင် သောက်ဖွယ်စားဖွယ်များက အတော်လေး စုံလင်လှပြီး တချို့ အမည်နာမဆိုလျှင် ချော တစ်သက်တာအတွင်း တခါမှပင် မကြားဖူးခဲ့။

QuarkOnde histórias criam vida. Descubra agora