ယနေ့မနက်ခင်းသည်တော့ မီးခိုးရောင် တိမ်စိုင်ကြီးများဖြင့် မှုံအုပ်အုပ်နှင့်ပင် ။ မိုးတွင်းဆိုသည်မှာလည်း တစ်ပတ်တွင် နှစ်ရက်လောက်သာ သာယာ၏ ။ ထို့ကြောင့် စိတ်မသက်မသာဖြစ်ရတတ်သည် ။ မိုးလေပြည်အေးလေး တစ်ချက် ဝှေ့လိုက်ပြန်သော်လည်း အလွန်အေးချမ်းသည့် ရသကို ခံစားမိ၍ စိတ်ကြည်ရပြန်သည် ။ ထိုမိုးတွင်းသည် လူအသီးသီး၏ စိတ်များလိုပင် ခန့်မှန်း၍ မရချေ ။ သေချာ ခန့်မှန်း၍ ရသည်မှာတော့ ယနေ့အေးငွေ့ငွေ့ဖြစ်နေသည်နှင့် ရတုကတော့ အနွေးထည် ဝတ်ထားတော့မည် ။
အအေးကြောက်တတ်သည့် ရတုသည် အမှန်ပင် အနွေးထည် ရင်ဟကို ဝတ်ဆင်ထား၏ ။
အအေးကို ကြောက်သည်ထက် အအေးမိခံရမှာကို ကြောက်နေခြင်းဖြစ်ပြီး ရတုငယ်ငယ်တုန်းက မိုးရေထဲ ထွက်ဆော့ရင်း အဖျားကြီး၍ ဆေးရုံပါ တတ်ရသည့် အဖြစ်မို့ ထိုအရိပ်မဲကြီးက အသက်အရွယ်ရသည်ထိ လိုက်ပါလာကာ အအေးမိလျှင် ထိုဆေးရုံကြီးထံ ပြန်သွားရမည့်အလား စိတ်ကို ထိတ်လန့်နေစေသည် ။ ချူချာလွယ်၍ ရိုးရိုးအအေးမိခံလိုက်လျှင် တစ်ပတ်လောက်ထိ အဖြစ်ကဲသည့် မိမိကိုယ်ကိုလည်း စိတ်ပျက်မိသည် ။ နည်းနည်းမျှမအေးရဲ အေးလာလျှင် အနွေးထည်ကို အမြဲဝတ်ရပြီး တစ်ခါတစ်လေ နှစ်ထပ်လောက်မျှဝတ်ဆင်ရသည်မို့ စိတ်ပျက်လျှင်လည်း ပျက်ချင်စရာပင် ။ ငယ်ငယ်ထဲက ရာသီဥတုအေးလာလျှင် ရတု၏ နှာခေါင်းလုံးလေးသည် အနီရောင်သန်းနေတတ်ပြီး နှုတ်ခမ်းသည်လည်း မကြာခဏ ခြောက်ကပ်တတ်သည် ။
ထိုင်ခုံတစ်ခု၌ ကျုံ့ကျုံ့လေးဖြင့် ထိုင်းရင်း အေးစက်နေသည့် မိမိ၏ လက်ဖဝါးတွေကို ပွတ်သပ်ရင်း ရာရာ့ကိုလည်း အနွေးထည်ဝတ်ရန် အတင်းတိုက်တွန်းနေ ပြန်သေးသည် ။ ရာရာကတော့ ရတုစကားဆိုလျှင် တစ်ခွန်းမကျန် နားထောင်တတ်သည်မို့ အနွေးထည်ကိုဝတ်ရင်း ဆူပုတ်ပုတ်ဖြင့် ပုံရေးဆွဲနေ၏ ။ ထိုကလေးအလိုမကျသည်မှာ မျက်နှာတွင် အလွန်ထင်ပေါ်နေသည်မို့ ရတုသေချာကြည့်မိလျှက် ...
" ရာရာ ဘာတွေများ စိတ်အလိုမကျဖြစ်နေသလဲ ။ ကိုကို့ ကိုပြော "
" ဟွန် ... မနေ့ကလေ ရာရာ့ရဲ့ အမဝမ်းကွဲတစ်ယောက်နဲ့ ဖုန်းပြောရင်း သူက ကိုကိုရတုကို ယူမယ်လို့ ပြောတယ် ။ အဲ့အမကို တကယ်မုန်းလိုက်တာ! ။ သူ့ကိုယ်သူ ဘာများထင်နေလဲမသိဘူး ။ ရာရာသူ့ကို အမြင်ကပ်တယ်! "
YOU ARE READING
ဤရာစုနှစ် [ ခေတ္တရပ်နား ]
Historical Fictionဒီစိတ်ကူးယာဥ် ကမ္ဘာငယ်လေးတစ်ခုစီကို ရောက်လာတဲ့အခါ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းနဲ့ ရသအစုံကို ခံစားရစေပါလိမ့်မယ် ။ နှောင်းပိုင်းခေတ်ကနေ ရှေးပြေးခေတ်ထိ ပါဝင်ပတ်သက်နေတဲ့ သစ္စာတရားတစ်ခုက ရာဇဝင်တည်စေခဲ့မှာလား ဆိုတဲ့ မေးခွန်းက " ဤရာစုနှစ် " ကို စဖတ်တဲ့အ...
![ဤရာစုနှစ် [ ခေတ္တရပ်နား ]](https://img.wattpad.com/cover/315952514-64-k421181.jpg)