လော့ယွီချန် သတိထားမိလားဆိုတာ မသေချာပေမယ့် တကယ်တမ်းမှာ ခရစ်စမတ်ပွဲတော်တိုင်း ကျွန်တော် အရမ်းကိုမပျော်မရွှင်ဖြစ်တာနဲ့သာ ကုန်ဆုံးခဲ့ရတယ်။

ဒါကလည်း နားလည်နိုင်စရာပဲလေ _ ဒီလိုမျိုးအရေးကြီးတဲ့အားလပ်ရက်မျိုးမှာ သူတို့ရဲ့အချစ်ဆုံးလူသားနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်မကုန်ဆုံးချင်တဲ့လူဆိုတာ ဘယ်မှာရှိမှာလဲ?

ဒါပေမယ့် တကယ်လို့သာ မင်းရဲ့မျက်စိရှေ့မှာတင် အဲ့လူက တခြားသူနဲ့ ပြုံးရွှင်ရယ်မောပြီး မင်းကို လေလိုသဘောထားတာကို မင်းကတော့ စိတ်ထဲမထားသလို ပြုမူရတဲ့အခါ မင်း ပျော်နိုင်ပါအုံးမလား?

အဲ့အချိန်တုန်းက ကျွန်တော် သက်ရှိထင်ရှားရှိနေတုန်းဖြစ်တဲ့အတွက် အခု သေသွားတဲ့အချိန်မှဖြစ်သလိုမျိုး ပွင့်လင်းကြင်နာတာမျိုးကျွန်တော့်မှာ မရှိခဲ့ဘူး။

ဒါတွေ ပြန်တွေးမိတော့မှ ကျွန်တော် လော့ယွီချန်နဲ့ ရှိတုန်းက အမှန်တကယ်ကို တော်တော်လေး နာကြည်းချက်တွေနဲ့ မကျေနပ်ချက်တွေ စုပုံခဲ့တာပဲဆိုတာကို သတိထားမိသွားတယ်။ နောက်ပြီး အရာအားလုံးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာတွေကိုလည်း ပြန်သတိရလိုက်တယ်။

အချစ်လိုခေါ်တဲ့အရာက အမှန်တကယ်ထူးဆန်းတယ်။

တစ်ခါတစ်လေ ကျွန်တော်တွေးကြည့်မိတယ်၊ ကျွန်တော် သူ့ကို အမှန်တကယ်ချစ်ခဲ့တယ်လို့ ခံစားရပြီး ဘယ်လိုဖြစ်နေနေ သူ့ကို ထားမသွားနိုင်ဘဲ ကျွန်တော် ကိုယ်တိုင်ကလည်း သေသွားပြီးတာတောင် ဒီလိုအရူးအမူးစွဲလမ်းနေတာကနေ မလွတ်မြောက်နိုင်သေးဘူး။ တချို့အချိန်မှာကျတော့လည်း ကျွန်တော်တွေးလိုက်တဲ့အခါ မချင့်မရဲဒေါသထွက်ကာ အံတကြိတ်ကြိတ်ဖြစ်မိတယ်။

ကျွန်တော် သူ့ကို မုန်းတဲ့အချိန်မျိုးမှာ ဒါကိုလက်မလွှတ်ပေးနိုင်တဲ့ အမှိုက်ကောင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း ထပ်တူမုန်းမိတယ်။

ကိစ္စတွေဖြစ်လာတော့ လော့ယွီချန်နဲ့ ရှမင်ရှုတို့က အလွန့်အလွန်ပျော်ရွှင်ပြီး သဟဇာတဖြစ်ကာ အတူရှိနေကြပြီဆိုတာကို လက်ခံလိုက်တယ်ဆိုပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် အတိတ်ကနေ လုံးဝလွတ်မြောက်အောင် မလုပ်နိုင်သေးဘူး။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now