ရှမင်ရှုရဲ့မျက်လုံးတွေက ခဏတာအရောင်လက်သွားပေမယ့် သူ့ရဲ့နဂိုတည်ငြိမ်မှုကို မြန်မြန်ပဲ ပြန်ထိန်းလိုက်တယ် "အာ အဲ့မနက်က ဆန်ပြုတ်က ခင်ဗျားလုပ်နိုင်လောက်တဲ့အရသာ ဟုတ်ပုံမပေါ်ဘူးလို့ ထင်နေတာ"

"အဲ့နောက်ရော ဘာတွေဖြစ်သွားလဲ? ရှောင်ဟန်းက ဘယ်ရောက်သွားတာလဲ?"

"ကိုယ်လည်း မသိဘူး၊ ကိုယ်နိုးလာတော့ မင်းရောက်နေပြီ... သူ ထွက်သွားတာနေမယ်"

"ထွက်သွားတယ်? ဘယ်ကို ထွက်သွားတာလဲ?"

"ကိုယ် မသိဘူး" ဒါကို ပြောလိုက်ချိန်မှာ လော့ယွီချန်ရဲ့အမူအယာက ရုတ်ခြည်း စိတ်ပျက်လက်ပျက်ပုံစံ ပြောင်းသွားတယ်။

"အဲ့တာဆို သူ့ကျန်းမာရေးက အဆင်ပြေနေသေးတယ်ပေါ့?" ရှမင်ရှု နောက်တစ်ကြိမ်မေးလာတယ်။

လော့ယွီချန် ချောက်ချားသွားတယ်။ သူ့နှုတ်ခမ်းတွေ ဟသွားပေမယ့် ဘာပြောလို့ပြောရမှန်း မသိပုံပေါ်တယ်။ သူ့အမူအယာက ပိုပြီးပူပန်သွားတာလား ဒါမှမဟုတ် နောင်တရတာလား ဒါမှမဟုတ်လည်း တခြားခံစားချက်တွေ ရောထွေးနေတာလားဆိုတာ ပြောရခက်ပေမယ့် အဆုံးမှာတော့ မျက်နှာမကောင်းဘူး။

"ခင်ဗျားကို တစ်ညလုံးတောင် ပြုစုဖို့အားရှိတယ်ဆိုရင် အဆင်ပြေနေလောက်မှာပါ၊ ခင်ဗျား တအားစိုးရိမ်မနေသင့်ဘူး" သူ့အမူအယာကိုမြင်တော့ ရှမင်ရှုက သူ့ကိုပုတ်ကာ ခပ်မြန်မြန် နှစ်သိမ့်လိုက်တယ်။ "ဘာပဲဖြစ်ဖြစ် ဆေးရုံကတောင် ရိုးတွင်းခြင်ဆီအလှူရှင် ရှာတွေ့ပြီလို့ ပြောခဲ့ပြီးပြီပဲ အဲ့တာကြောင့် ရှောင်ဟန်း အဆင်ပြေလောက်မှာပါ"

"...အမ်-ဟမ်"

သာမန်သူငယ်ချင်းတွေလိုမျိုးဖြစ်နေတဲ့ ဒီလူနှစ်ယောက်ကို ကျွန်တော် တိတ်တဆိတ် ကြည့်နေမိတယ်။

အရင်က သူတို့တွေ 'သမီးရည်းစား'ဆက်ဆံရေးတစ်ခု ရှိခဲ့တယ်ဆိုတာ ဘယ်သူမှ ပြောနိုင်မှာတောင်မဟုတ်ဘူး။ ကျွန်တော် အသက်ရှင်စဉ်တုန်းက မြင်တွေ့ခဲ့ရတဲ့ သူတို့ရဲ့အရှုံးမပေးဘဲ အလေးအနက်ရှိတဲ့ ဆက်ဆံရေးက တကယ်တမ်းမှာ ဟန်ဆောင်မှုတစ်ခုလိုမျိုး၊ ဘာအနှစ်သာရမှမရှိတဲ့ အချစ်ဇာတ်တစ်ခုနဲ့တောင် တူနေတယ်။

Like Love But Not [ ဘာသာပြန် ]Wo Geschichten leben. Entdecke jetzt