“မခံစားမိဘူးထင်တာပဲ..?”

ရွှယ်ယို့ရှန်းက မရေမရာ ပြန်ဖြေလာတယ်။ ပြီးနောက် ဖြစ်ရပ်အစအဆုံး ပြန်တွေးကြည့်လိုက်တယ်။

ထူးဆန်းတာပြောရမယ်ဆိုရင် ဟွမ်ပေ့ချန်ရဲ့တိုက်ခိုက်မှုကို ဘယ်သူခုခံလိုက်သလဲဆိုတာ လုံးဝမမှတ်မိတာပဲ။ သူမှတ်မိသလောက်တော့ ဟွမ်ပေ့ချန်ရဲ့တိုက်ကွက် သူ့အပေါ်ကျရောက်ခါနီးဆဲဆဲမှာ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသလို ခံစားလိုက်တယ်။ သတိပြန်ရလာတဲ့အချိန် ရင်းဆုယဲ့ရဲ့ရင်ခွင်ထဲကို ရောက်နေပြီ။

တိုက်ပွဲက အချိန်တိုအတွင်း အဆုံးသတ်သွားတာလား..?!

“ခုနက ဖြစ်ပျက်ခဲ့သမျှကို မမှတ်မိတော့ဘူး..!”

ထိုအခိုက်အတန့် သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး တစ်ခုခုမှားယွင်းနေမှန်း ရွှယ်ယို့ရှန်းလည်း သတိထားမိလိုက်တယ်။ ကြောက်လွန်းလို့ တစ်ခဏလောက် တောင့်ခဲသွားနိုင်ပေမယ့် ဖြစ်ရပ်တစ်ခုလုံးကို မေ့သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အစကတော့ သူ့ရဲ့စိတ်ဝိဉာဉ်တစ်ခုလုံး ဗလာကျင်းသွားတာက ကြောက်စိတ်နဲ့ ဖိအားတွေကြောင့်လို့ ထင်ထားခဲံတာ။ ပုံမှန်ပါပဲလို့ တွေးနေခဲ့တာ။ ဒါပေမဲ့ ရင်းဆုယဲ့ပြောပုံအရဆို ပုံမှန်မဟုတ်ဘူးပဲ..!

“ဘာတွေဖြစ်ခဲ့တာလဲ..?”

သူ့မှတ်ဉာဏ်ထဲမှာမရှိတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်သိဖို့ လိုအပ်နေပြီ။ ဒါမှ ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်လိမ့်မယ်။

ဇာတ်ကြောင်းက သောက်တလွဲတွေဖြစ်ကုန်လို့ ဒီစာရေးဆရာလည်း ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိနိုင်တော့ပေမယ့် ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချပြီး တချို့ကိစ္စတွေကို ဆင်ခြင်သုံးသပ်နိုင်ပါသေးတယ်..!

“မင်းလည်း ဘုရင်အဆင့်မှာပဲ..!”

ရင်းဆုယဲ့က ထိုသို့ပြောရင်း ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေကို အသေးစိတ် စိုက်ကြည့်နေခဲ့တယ်။

ဘုရင့်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ကွက်ကို တခြားဘုရင်အဆင့်တစ်ယောက်ကသာ ခုခံချေဖျက်နိုင်တယ်။ သံသယဝင်ဖွယ်မရှိဘူး၊ ရွှယ်ယို့ရှန်းက ဘုရင်အဆင့်ဖြစ်နေမှသာ ဟွမ်ပေ့ချန်ရဲ့ တိုက်ကွက်ကို အလွယ်တကူ ခုခံနိုင်လိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now