ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရင်းဆုယဲ့နဲ့ တွေ့ဆုံနိုင်ခဲ့တာ၊ အပြင်လူပါလာတာနဲ့ မကျေမနပ် ဖြစ်နေလို့မရဘူးလေ..!

“ဒီတစ်ခေါက်တော့ တောင်းပန်တာကို လက်ခံပေးလိုက်မယ်.. ဒါပေမဲ့ နောက်တစ်ခေါက်ဆိုတာမျိုး ရှိမှာမဟုတ်ဘူး..!”

ရွှယ်ယို့ရှန်းက မြင့်မြင့်တော်ဝင်သလို စိတ်သဘောထားကြီးဟန်နဲ့ သူ့အပေါ် ရိုင်းပြခဲ့တဲ့ ဟွမ်ပေ့ချန်ကို ခွင့်လွှတ်ပေးလိုက်တယ်။

တကယ်တော့လေ.. ဇာတ်လိုက်ကို အနိုင်ကျင့်ရတာ အရမ်းမိုက်တာပဲ..!

“ကျေးဇူးပြုပြီး အထဲကိုကြွပါ..!”

ဟွမ်ပေ့ချန်က ရင်းဆုယဲ့ကို နောက်တစ်ကြိမ် ထပ်မံဖိတ်ကြားလိုက်တယ်။ ဒီတစ်ခေါက်တော့ ရွှယ်ယို့ရှန်းကို ဖိတ်ခေါ်ဖို့လည်း မမေ့ခဲ့ဘူး။

“အထဲဝင်ရအောင်..!” ရွှယ်ယို့ရှန်းက အနားမှာရပ်နေတဲ့ ဟွမ်ပေ့ချန်ကို အဖက်မလုပ်ဘဲ ရင်းဆုယဲ့ကို ဆွဲခေါ်ကာ အခန်းထဲ ဝင်သွားလိုက်တယ်။  “ခင်ဗျားနဲ့ ဟွမ်ပေချန်ကြားမှာ ပြဿနာရှိသေးတယ်မလား၊ ဒီတစ်ခေါက်အခွင့်အရေးမှာ သေသေချာချာ ရှင်းလင်းသင့်တယ်..”

အစကတော့ ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်ကြားက မကျေလည်မှုတွေကို သူကူညီပြီး ဖြေရှင်းလို့ရမလားဆိုပြီး လိုက်လာခဲ့တာ။ ပြောရမယ်ဆိုရင် ဇာတ်လိုက်ဟွမ်ပေ့ချန်သာ ရင်းဆုယဲ့ကို မဆန့်ကျင်သရွေ့ ရင်းဆုယဲ့က ဒီနယ်မြေမှာ ပြိုင်ဘက်ကင်း ရပ်တည်နိုင်လိမ့်မယ်လေ။ ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုအရဆို ရင်းဆုယဲ့က ဟွမ်ပေ့ချန်နဲ့ယှဉ်ရင် ဒုတိယနေရာမှာပဲ ရပ်တည်နေတာလေ။

ဒါပေမဲ့ အခုတော့ ဘာမှမလုပ်ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူမပျော်လို့၊ သူမပျော်လို့ တခြားလူတွေကိုလည်း မပျော်စေချင်ဘူး။ အဲ့တခြားလူကလည်း သူ့ကိုရန်စခဲ့တဲ့ ဟွမ်ပေ့ချန်ပဲ။

ဒါပေမဲ့လည်း ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်အတွက် ဦးစားပေးတာထက် ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်ကြားက ပြဿနာကို အရင်ပြေလည်အောင် ဖြေရှင်းသင့်တယ်။ အနည်းဆုံးတော့ ရင်းဆုယဲ့ကို အမဲစက်မစွန်းထင်းစေချင်ဘူး။ ပြီးတော့ ဇာတ်လိုက်က ရင်းဆုယဲ့အပေါ် တချိန်လုံး အထင်မှားနေမှာကိုလည်း လက်မခံနိုင်ဘူး။ ရင်းဆုယဲ့အပေါ် အထင်မှားခဲ့တဲ့အတွက် နောင်တရနေမယ့် ဟွမ်ပေ့ချန်ရဲ့မျက်နှာကို မြင်ချင်သေးတယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Opowieści tętniące życiem. Odkryj je teraz