အခန်း(၁၉)

Start from the beginning
                                    

"ဟေး .... အဖေ ... အမေ။ သား ဒီမှာ ! သား ဒီမှာ ...... "

လည်ချောင်းထဲ ရေရွတ်မိရုံမျှသာရှိသော ဖျော့တော့တော့ အသံဖြင့် ကျွန်တော် တုံ့ပြန်ကာ ထူးလိုက်ပေမယ့် ကျွန်တော့်ရဲ့ ငိုကြွေးကာ အကူအညီတောင်းခံနေသောအသံကို မည်သူမှ မကြားပေ။

'မသေချင်ဘူး ... ငါ မသေချင်ဘူး။ ' ကျွန်တော် ရေထဲ၌ ပင်ကိုယ်အသိအလျောက်ရုန်းကန်လှုပ်ရှားခဲ့ပေမယ့် ကျွန်တော့်တစ်ကိုယ်လုံးက ရေခဲတုန်းတွေကြားနစ်ပြီး တောင့်ခဲနေခဲ့ရာ လက်ချောင်းများသာ လှုပ်ရုံလှုပ်နိုင်ခဲ့သည်။

"ကျွန်တော် မသေဘူး .... ကျွန်တော် ဒီမှာပါ " ကျွန်တော့်မှာရှိရှိသမျှသော အားအင်များဖြင့် အော်ပြောခဲ့သည်။ အသက်နှင့်ထပ်တူကျသော အလင်းရောင်သင်္ကေတလေးက အဝေးသို့ ရွှေ့လျားသွားခဲ့ပြီး ကျွန်တော့်နှင့်မလှမ်းမကမ်းအဝေးတွင်ရှိသော ရေခဲမှုန်များကြားမှ တောက်ပနေသည့် အနွေးဓာတ်လေးသည်ပင် ကျွန်တော့်ထံမဟုတ်သော တစ်ခြားတစ်ဖက်သို့ ရွှေ့လျားသွားခဲ့သည်။ နောက်ဆုံးသောမျှော်လင့်ချက်က ကျွန်တော့်လက်လှမ်းမှီဖို့အထိ နီးနီးကပ်ကပ်ရှိခဲ့ပေမယ့် ကျွန်တော် မဖမ်းဆုပ်နိုင်ခဲ့ပေ။ ကြီးမားသော ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့စွာ စိတ်ပျက်သွားရခြင်းက ရေခဲမှုန်တို့တိုးဝှေ့ကာ ထိုးဖောက်ဝင်လာသလို အအေးဓာတ်နှင့်အတူ ကျွန်တော့်အသွေးအသားထဲ အားနှင့်အင်နှင့် တိုးဝင်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်လုပ်နိုင်သည့်အရာအားလုံးက လည်ပင်းအထိရောက်ရှိလာတဲ့ ပင်လယ်ရေထဲ အသက်ပိုရှူနိုင်ဖို့သာ ကြိုးစားရင်း ထွက်ပြူစပြုနေတဲ့ ခဲပြာရောင် အမိုးခုံးကိုသာ ကြည့်နေနိုင်ခဲ့သည်။

'ကျွန်တော်သေတော့မယ် .... အဖေ အမေ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မြန်မြန်ရှာပါ ...။'

ထိုအသိက ဖြည်းဖြည်းချင်းအေးခဲလာတဲ့ ကျွန်တော့်ဦးနှောက်ထဲ အတိုင်းအဆမဲ့တိုးချဲ့လာခဲ့သည်။ အချိန်သည်လည်း သိပ်ကိုနှေးကွေးစွာ ကုန်ဆုံးနေခဲ့ရာ ရာစုနှစ်တစ်ခုစာ ကြာမြင့်သည့်အတိုင်း၊ ကျွန်တော့်ရဲ့ ဖြည်းဖြည်းချင်း သေဆုံးရတော့မည့်အဖြစ်ကို မျှော်လင့်ချက်မဲ့စွာ စောင့်နေမိတော့သည်။ ထိုအချိန်၌ တစ်စုံတစ်ခုက ကျွန်တော့်ခြေထောက်အောက်ခြေကို လာထိခတ်ခဲ့ပြီး ထိုအသိကြောင့် သတိမေ့တော့မည့် အခြေအနေမှ ရုတ်ချည်းပင် ကျွန်တော် ပြန်နိုးထလာခဲ့သည်။ ပြီးနောက်တွင် ကျွန်တော့်ခန္ဓာကိုယ်က အပေါ်သို့မြောက်တက်ပြီး ရေထဲမှ ပြန်ပေါ်လာခဲ့သည်။ ကျွန်တော်ပထမဦးဆုံးမြင်တွေ့ခဲ့ရသည့်အရာက ကျွန်တော့်ခြေထောက်တိုတိုနှစ်ဖက်ကို ဆုပ်ကိုင်ထားသည့် သန်မာသော ဖြူဖျော့ဖျော့လက်မောင်းများကို ဖြစ်သည်။ ကျွန်တော့်ဦးခေါင်းက ကျယ်ပြန့်ကာ တောင့်တင်းသော ရင်အုပ်ထံ မှီတည်လျက်ရှိပြီး ကျွန်တော့်ရင်ဘတ်က စိုစွတ်နေသည့် ရေမှော်နှင့်တူသော ဆံပင်များကို ထိခတ်နေသည်။

Desharow's MermanWhere stories live. Discover now