" Dr.Htut.. ! "" Hello Lily "
ချဥ်းကပ်လာသောဆံနွယ်ဝါဝါမိန်းကလေးသည်ဆန်းသစ်သောအပြုံးလေးဖြင့်။ ကျော်ဇေယံထွဋ်အကွာအဝေးတစ်ခုခြားရပ်လိုက်တော့ထိုမိန်းကလေးလည်းနားလည်ဟန်ဖြင့်ရှေ့ဆက်တိုးမလာပါချေ။
ဌာနတွင်မြန်မာနိုင်ငံသားအပါအဝင်၊နိုင်ငံပေါင်းစုံမှလူတွေလည်းရှိ၏။ တချို့ကအသင်းအဖွဲ့နှင့်လာရောက်ကြကာတချို့ကတော့သူ့လိုတသီးတသန့်ပင်။ နယ်ခြားရောက်မှဖူးစာပါတဲ့လူတွေလည်းရှိသလို၊အမိမြေမှကြင်ယာကိုတမ်းတနေသူတွေလည်းရှိသည်။
အထူးသဖြင့်သူ့လိုမျိုး။
ရက်တွေကျော်လွန်ကာ၊လတွေပြောင်းလဲလာခဲ့ပြီ။ သတင်းမေးတိုင်းစကားလမ်းလွှဲတတ်သောအသိတွေနှင့်၊ဆက်သွယ်မရသောဖုန်းနံပတ်လေး။
Social Media မှအသိသူငယ်ချင်းအချို့တွင်လည်းနွေးနှင့်သူ့အကြောင်းသိတဲ့လူကခပ်ရှားရှားမို့မေးရန်အခွင့်မသာပါချေ။ စိုင်းသစ်ဟိန်း နှင့်ကလည်းမြေပြိုတဲ့ကိစ္စပြီးကတည်းကအဆက်သွယ်မရတာဖြစ်၏။
အနွေးဓာတ်လေးနှင့်ဝေးကွာပြီးကတည်းက၊မည်သည့်ဓာတ်မှနွေးမလာသလို၊ဘယ်ပန်းမှလည်းမမွှေးတော့ချေ။
ကြမ်းတမ်းတဲ့လောကဓံအလယ်မှာသစ်ရွက်စိမ်းကလေးအနာတရကင်းကင်းရှိနေပါ့မလား၊ စမ်းချောင်းကလေးလွတ်လပ်စွာစီးဆင်းနေပါ့မလား၊မျက်ဝန်းဝိုင်းလေးပျော်နေပါ့မလား။
~
" ဘယ်သူနဲ့တွေ့ချင်လို့ပါလည်းရှင့်"
" ဒေါက်တာ နန်းခမ်းလူနဲ့ပါ "
" ဘယ်သူလို့ပြောပေးရမလည်းရှင့်"
" ကျွန်တော်သူ့ရဲ့မောင်ပါ ။ စိုင်းသစ်ဟိန်း "
သူနာပြုမလေးခေါ်ရာသို့လိုက်ပါလာရင်းရှည်လျားတဲ့လမ်းကြောင်းအားငေးမောကြည့်မိသည်။ စိတ်ကျန်းမာရေးဆေးရုံ၏အခန်းတွေသည်စနစ်တကျရှိကာ၊မည်သည့်အခန်းမှဖွင့်ဟမထားပါချေ။
တချို့အခန်းတွေမှာတိတ်ဆိတ်လို့၊တချို့အခန်းတွေကတော့ဆူညံနေ၏။ တံခါးချပ်တွင်အုပ်တစ်ချပ်စာလောက်အပေါက်လေးရှိနေကာ၊ထိုနေရာမှအတွင်းသို့ကျဥ်းမြောင်းစွာမြင်တွေ့ရလေသည်။