အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာ မဟုတ်ဘူး။ ဘုရင်တစ်ပါးအနေနဲ့ ရင်းဆုယဲ့ရဲ့ လုပ်ရပ်တွေက အရည်အချင်း မပြည့်မီသေးဘူးလို့ သူတကယ်ကြီး ထင်နေတာ။

ဥပမာပြောရရင် နန်းတက်ပွဲအခမ်းအနားလိုပေါ့။ ‘သေအတူရှင်မကွာ’စာချုပ် ချုပ်ဆိုပြီးတာနဲ့ ‘အခမ်းအနား အောင်မြင်ပြီ’ဆိုတဲ့ စကားလေးတစ်ခွန်းပဲ ချန်ရစ်ခဲ့ပြီး ရင်းဆုယဲ့က ဒီအတိုင်း ထွက်လာခဲ့တယ်။ သူ့ကိုပွေ့ချီပြီး စင်မြင့်ထက်ကနေ တော်ဝင်မြို့တော်ထဲကို တိုက်ရိုက်ပျံသန်းသွားခဲ့တာ။ ကျန်ရစ်ခဲ့တဲ့ အခမ်းအနားစီစဉ်သူတွေ၊ ဧည့်သည်တော်တွေဆို အဲ့မြင်ကွင်းကိုကြည့်ပြီး ဘာမှမပြောနိုင်ကြတော့ဘူး။

သူတို့တွေ ဘယ်လောက်အထိ စိတ်ဓာတ်ကျသွားမလဲ တွေးကြည့်လိုက်။ သူတို့ရဲ့ဘုရင်ကြီး မိစ္ဆာတစ်ကောင်နဲ့ ဝိဉာဉ်စာချုပ်ချုပ်ခဲ့တာကြောင့် အံ့ဩထိတ်လန့်ရာကနေ အသိပြန်ဝင်ရုံလေးရှိသေး၊ ရင်းဆုယဲ့က သူ့ကိုပွေ့ချီပြီး ထွက်သွားပြီ။ သူတို့ မကျေမနပ် ပြောချင်ရင်တောင် နားထောင်ပေးမယ့်လူ မရှိတော့ဘူး။

အဲ့အချိန်တုန်းက ရင်းဆုယဲ့အတွက် အရမ်းစိုးရိမ်သွားခဲ့တာ။ အခုမှ နန်းတက်ပြီးခါစဆိုတော့ သူ့ရဲ့နေရာက တည်ငြိမ်သေးတာမဟုတ်ဘူးလေ။ ဒီလိုမျိုး တဇွတ်ထိုးလျှောက်လုပ်တာက တကယ့်ကို ဆင်ခြင်တုံတရား မရှိတာပဲ။ ဒဏ္ဍာရီလာ ‘ဘုရင်နှစ်ပါး ယှဉ်ပြိုင်ပေါ်ထွက်ခြင်း’ ဖြစ်စဉ်ကိုသုံးပြီး သူ့ကိုယ်သူ အမွှန်းတင်၊ လူတွေရဲ့စိတ်ထဲမှာ သူက ကံစီမံရာအတိုင်း ဘုရင်အသစ်ဖြစ်လာတဲ့လူပြီး ထင်မြင်အောင်လုပ်ထားပေမယ့် ပေါ်ချင်သလို ပေါ်လာလိုက်၊ ပျောက်ချင်သလို ပျောက်သွားလိုက် လုပ်နေတာကို လူအများက ဘယ်လိုလုပ်လက်ခံနိုင်ပါ့မလဲ။

ထားပါတော့၊ သူပဲ စိုးရိမ်လွန်နေတာ..!

ရင်းဆုယဲ့ကို ဘယ်သူမှ အပြစ်မတင်ရဲကြဘူး။ အဲ့အစား ဘာမဆိုင်ညာမဆိုင် သူ့ကိုပဲ ဝိုင်းပြောနေကြတာ..!

လူထုကြီးက ရင်းဆုယဲ့ကို အပြစ်မတင်ကြတဲ့အပြင် စင်မြင့်ပေါ် တက်သွားတဲ့အချိန် သူတို့ဘုရင်ရဲ့ဟန်ပန်က ဘယ်လောက်မိုက်တာ၊ ဘယ်လောက်အထိ အထက်စီးဆန်တာဆိုပြီး မြှောက်ပင့်ပြောနေကြသေးရဲ့။ သတင်းတွေက တဖြည်းဖြည်း ချဲ့ကားလာပြီး ရင်းဆုယဲ့လောက် ကြီးမြတ်ခန့်ညားတဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိတော့သလိုတောင် ညွှန်းဆိုလာကြတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Tahanan ng mga kuwento. Tumuklas ngayon