စာတို-1(Unicode)

880 16 0
                                    

"အချစ်....မောင်တို့လမ်းခွဲရအောင်"

"မောင် သေချာဆုံးဖြတ်ပြီးပြီလား..."

"...."

"အင်း...လမ်းခွဲကြတာပေါ့"

"မောင့်စီကအကြောင်းပြချက်မတောင်းတော့ဘူးလား..."

" လိုသေးလို့လား...မောင် သိပ်ချစ်တတ်တဲ့မောင့်စီကဒီလိုစကားထွက်လာတာသေချာတဲ့အကြောင်းပြချက်ကမောင်ငါ့ကိုမချစ်တော့လို့ပေါ့...မောင်ငါ့ကိုမချစ်တော့တဲ့အကြောင်းပြချက်ကိုတော့ငါမသိချင်ဘူးမောင်...ပြီးတော့ဘာကြောင့်ပဲလမ်းခွဲခွဲအမုန်းမပါတဲ့လမ်းခွဲခြင်းမို့လို့ငါကျေကျေနပ်နပ်နဲ့လက်ခံနိုင်တယ်...."

"မောင်တောင်းပန်ပါတယ် မောင့်ကိုမေ့လိုက်ပါ မောင့်ကိုမချစ်ပါနဲ့တော့ မောင်ကမင်းအချစ်နဲ့မတန်ဘူး..."

"တော်တော့မောင်...!မောင်အခုဘာလိုချင်တာလဲ ငါနဲ့လမ်းခွဲချင်တာမလား မောင့်ကိုငါလမ်းခွဲပေးမယ် ငါ့ကိုမောင့်ကိုမေ့ဖို့မောင့်ကိုမချစ်ဖို့မပြောနဲ့မောင်...ငါမောင့်ကိုစိတ်ဆိုးမိလိမ့်မယ်..."

"မောင်....တောင်းပန်ပါတယ်"

မီးစိမ်းလေးနားမှာပေါ်နေတဲ့မောင့်fb acc profile ကပုံလေးကိုကြည့်ပြီးငါနာနာကျင်ကျင်ပြုံးမိသွားတယ်။
စချစ်ခဲ့သူကလဲငါဖြစ်သလိုနောက်ဆုံးထိချစ်ခဲ့ရတဲ့သူကလဲငါပဲဖြစ်နေခဲ့ပြီးဆက်ပြီးချစ်သွားမဲ့သူကလဲငါဖြစ်နေပြန်တယ်။
မောင်ကငါတို့တွဲနေချိန်တစ်လျှောက်လုံးငါ့ကိုချစ်ပေးခဲ့ပြီး
တမြတ်တနိုးခေါ်တဲ့နာမ်စားလေးက'အချစ်'တဲ့...။
မောင်ကငါ့ကိုတောင်းပန်ပါတယ်တဲ့...။
မောင်ငါ့ကိုမချစ်တော့တဲ့အကြောင်းပြချက်ကိုငါမသိချင်ပါ...
မဟုတ်ဘူး...ငါမသိချင်ယောင်ဆောင်နေခဲ့တာပါ။
မောင့်ကိုလဲငါအပြစ်မတင်ပါ။
အဲ့တာကြောင့်မောင့်ရဲ့တောင်းပန်စကားကိုငါဘယ်လိုတုန့်ပြန်ရမလဲမသိသလိုစာမပြန်ဖြစ်ပါ။
မောင့်စီကစာတစ်စောင်ထပ်ဝင်လာပြန်တယ်။

"အချစ်...မောင် မင်းကိုဖုန်းခေါ်လို့ရမလား။မောင် မင်းအသံကိုကြားချင်လို့ပါ။"

အော်...ခက်ပြီ မောင်ရယ်။ရက်စက်မယ်ဆိုလဲအဆုံးထိရက်စက်လိုက်ပါတော့လား။ဘာလို့ခံစားချက်တွေထပ်ပေးနေမှာလဲ။
မောင်ကငါ့အသံကိုကြားချင်ပေမဲ့ငါကတော့မကြားချင်ဘူးမောင်။
မောင်စီက'အချစ်'ဆိုတဲ့ခေါ်သံကိုကြားရင်ငါထိန်းချုပ်ထားသမျှမျက်ရည်တွေပြိုဆင်းလာလိမ့်မယ်။ထွက်သွားဖို့ဆန္ဒရှိနေတဲ့သူကိုဆွဲထားမိလိမ့်မယ်။ငါမငိုချင်ဘူး မောင် ။ငါမောင့်ကိုဆွဲထားဖို့လဲဆန္ဒမရှိဘူး။ မောင့်ကြောင့်အလဲလဲအပြိုပြိုဖြစ်နေမဲ့ငါ့ရဲ့ပုံရိပ်ကိုလဲငါမောင့်ကိုမပြချင်ဘူး။ငါမငိုဘူးမောင်။ငါမနာကျည်းဘူး။
ငါကမောင်နဲ့ပတ်သတ်ရင်ကောင်းမွန်ပြီးပျော်ရွှင်ဖွယ်အတိဖြစ်နေတဲ့အမှတ်တရတွေပဲငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာသိမ်းထားချင်တာ။

"ငါပင်ပန်းနေတယ်မောင်...ငါအိပ်တော့မယ်။ အရာရာတွက်ကျေးဇူးတင်ပါတယ်။ပျော်အောင်နေပါမောင်။"

ငါစာတစ်စောင်သာပို့ပြီးinternetကိုပိတ်လိုက်တယ်။
ဖုန်းကိုsilentလုပ်ပြီးအရာအားလုံးကိုမေ့သွားအောင်အိပ်လိုက်တယ်။ မောင်ငါ့ကိုဖုန်းတွေဘယ်နှခေါက်ခေါ်နေမလဲငါမသိဘူး။
messages တွေပို့နေမလားငါမသိဘူး။ငါသိတာကငါအိပ်ပျော်မှဖြစ်မယ်။ငါအရာအားလုံးကိုခေါင်းထဲကထုတ်ပစ်ပြီးမျက်လုံးတွေကိုတင်းတင်းကြပ်ကြပ်မှိတ်ပြီးအိပ်ပျော်ဖို့ကြိုးစားလိုက်တယ်။
ဒါပေမဲ့ငါအိပ်မပျော်ခဲ့ပါဘူး။မျက်လုံးမှိတ်ထားပေမဲ့နေရာတိုင်းမှာမောင်နဲ့ငါ့ရဲ့ပုံရိပ်တွေချည်းပဲပြည့်နေတယ်။ ဒါမဲ့ပုံရိပ်တိုင်းမှာပျော်ရွှင်စရာအမှတ်တရတွေနဲ့ပဲ။ဒါပါပဲ။ ငါအလိုချင်ဆုံးအရာကမောင်ဟာငါ့အတွေးထဲမှာဘယ်အချိန်ပဲပေါ်လာပါစေငါ့ကိုပြုံးအောင်လုပ်နိုင်တဲ့အမှတ်တရကောင်းအနေနဲ့ကျန်ခဲ့ဖို့ပဲ။မောင်ကပြောဖူးတယ်ငါပြုံးရင်အလှဆုံးပဲတဲ့။ဒါဆိုမောင့်ကြောင့်ပြုံးမိတဲ့ငါအပြုံးတွေကအလှတကာ့အလှဆုံးဖြစ်နေတော့မှာပေါ့။

အဲ့နေ့ကစလို့ငါ social media တွေအားလုံးကိုအဆက်ဖြတ်ခဲ့တယ်။ငါ့ဖုန်းကိုစက်ပိတ်ပြီးအားလုံးနဲ့လဲအဆက်ဖြတ်ခဲ့တယ်။
မောင်သည်လဲအဲ့နေ့ကစလို့ငါ့ကိုမဆက်သွယ်တော့ပါ။ ဆက်သွယ်ဖို့လဲမကြိုးစားခဲ့ပါ။မောင်နဲ့လမ်းခွဲပြီး၃လအကြာမှာငါပစ်ထားတာကြာပြီဖြစ်တဲ့ဖုန်းကိုပြန်ဖွင့်ကြည့်တော့ သူငယ်ချင်းတွေစီကဖုန်းတွေmessagesတွေကမနေ့ကထိဝင်ထားပေမဲ့မောင့်စီကတော့အဲ့နေ့ကဝင်ထားတဲ့စာတွေသာရှိသည်။မောင်ပို့ထားတဲ့နောက်ဆုံးစာတစ်ကြောင်းက
"မောင် အချစ်ကိုအရမ်းချစ်ခဲ့တာပါ...မောင်တောင်းပန်ပါတယ် "
တဲ့။

ဒါပါပဲ ၆နှစ်တာပတ်သတ်မှုရဲ့အဆုံးသတ်ကဒီလိုလေးပဲပြီးဆုံးသွားခဲ့တယ်။၆နှစ်တာကာလအတွင်းငါစိတ်ကောက်တိုင်းတောင်းပန်ပါတယ်လို့ပြောတတ်တဲ့မောင်ကနောက်ဆုံးအချိန်ထိတောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့ပဲအဆုံးသတ်သွားတယ်။
နောက်ပိုင်းမှာငါ့ဘဝအတွက်ငါကြိုးစားခဲ့တယ်။ တစ်ခါတစ်လေလေညှင်းနဲ့အတူပါလာတဲ့သတင်းစကားတွေအရမောင်ဟာသူရွေးချယ်ခဲ့တဲ့အမျိုးသမီးလေးနဲ့ပျော်နေပါတယ်တဲ့။

အချိန်တွေဘယ်လောက်ကြာကြာ ငါဟာ'မောင်'ဆိုတဲ့နာမ်စားလေးကိုကြားလိုက်ရတာနဲ့တချိန်ကပွေ့ဖက်နမ်းရှိုက်ဖူးခဲ့တဲ့အမျိုးသားလေးတစ်ယောက်ကိုတွေးမိပြီးအလှပဆုံးပြုံးနေတတ်တယ်။

28.4.2022
6:17PM
#ယွန်းမြတ်ခြယ်

One shot collectionsWhere stories live. Discover now