"ဒါက တော်တော်လေး ပုံမှန်ပါပဲ" ယန်ဟွေ့က ဝင်ပြော၏။

"ငါနဲ့ စုအာနဲ့ ဥပမာ ရှိနေတဲ့အပြင် မင်းနဲ့ ကျင်းယွမ်အကြောင်းကိုလည်း ခဏခဏ ကြားဘူးထားတော့ ယိုရန်ကို လက်ခံနိုင်တဲ့ နှုန်းထားက အများကြီး အများကြီး မြင့်မားသွားပြီလေ, အာ, တစ်ခြားအကြောင်း အရင်း တစ်ခုတော့ ရှိသေးတယ်"

ယန်ဟွေက ခပ်လှောင်လှောင်ရယ်သည်။

"ရန်က အရမ်း တင်းမာလွန်းပြီး စိတ်ခံစားချက်ပြတာ နှေးတယ်။ သူက ငယ်ငယ်လေးကတည်းက တစ်ခြား လိင်တွေအပေါ်မှာလည်း ဂရုစိုက်မှု မရှိဘူးလေ။ မိန်းကလေးကို မြင်တာနဲ့ အဝေးဆုံးကို ထွက်ပြေးတော့တာပဲ။ ငါတို့မိဘတွေက ဒါကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ပြီးသား ဖြစ်နေတာ။ အရေးကြီးဆုံးကတော့ ယိုရန်က မကောင်းတဲ့သူ မဟုတ်တာပဲ။ သူ့ဘေးနား ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ အရောင်အဝါတွေ ဖြာထွက်နေတာ။ သူက အရမ်းအားကိုးရတဲ့ပုံပေါက်တာကြောင့် ယန်ရန်နဲ့ လက်ထပ်ခိုင်းဖို့ လုံခြုံစိတ်ချရပုံ ပေါ်နေတာရယ်"

ယန်ဟွေရဲ့ စကားကြောင့် ယန်ဖေးက တစ်ခွီးခွီး ရယ်နေတော့သည်။ ကျန်းစုလည်း မရယ်ပဲ မနေနိုင်တော့ပေ။ ယန်ရန်ရဲ့ မျက်လုံးများက ပြူးကျယ်သွားပေမယ့်လည်း ယိုရန်ရဲ့ လက်က သူ့ကို လာရောက်ဆုပ်ကိုင်သည်။ ယန်ရန်သည် သူ့ချစ်သူရဲ့ တည်ငြိမ်သည့် အကြည့်အောက်မှာ စကားမပြောတော့ပဲ ပါးစပ်ကို ပိတ်ထားလိုက်တော့၏။

ရိဟန်လည်း လိုက်ရယ်မိသည်။ သူ့ပုခုံးလေးများက တစ်လှုပ်လှုပ်နဲ့ တုန်နေသည်အထိပင်။ သူ့ဘေးမှာတော့ ကျင်းယွမ်က အပြုံးလေးဖြင့်သာ သူ့ချစ်သူလေးကို ငေးကြည့်နေသည်။

ယန်ဖေးက သူမရဲ့ နာနေတဲ့ အစာအိမ်ကို နှိပ်နယ်ရင်း ယိုရန်ကို ပြောလာသည်။

"နန့်ရှန်, ကျွန်မ အစ်ကိုကို ရှင်လက်ထဲ လွှဲပေးလိုက်ပြီနော် သူ့ကို ဂရုစိုက်ပေးပါဦး"

"ငါလုပ်မှာပါ" ယိုရန်က လေးလေးနက်နက် တုံ့ပြန်သည်။

ယန်ရန်က သူ့ညီမအား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် လွတ်နေတဲ့ လက်နဲ့ မျက်နှာအား အုပ်ထားလိုက်မိတော့သည်။

(Completed) Reborn as a good childWhere stories live. Discover now