“ပြီးတော့ ကျွန်တော် ခင်ဗျားကို ကတိပေးခဲ့တယ်လေ.. သခင်-အစေခံစာချုပ် မပယ်ဖျက်နိုင်သေးခင်အချိန်အထိ ခင်ဗျားအနားကနေ ထွက်မသွားပါဘူးဆို..!”

ပထမဆင်ခြေက ပေါ့ပျက်ပျက်နိုင်နေသလို ခံစားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းလည်း တစ်ခဏတွေးတောပြီး သူထွက်မသွားရတဲ့ အကြောင်းအရင်းကို ဆက်ပြောလိုက်တယ်။ သူက ကတိပေးပြီးရင် အမြဲတမ်း တည်တတ်တယ်လေ။ ဒါပေမဲ့ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရွှယ်ယို့ရှန်းက နောင်တရသွားပြန်တယ်။ ဒီကိစ္စကြီးက ပုံမှန်မဟုတ်သလိုပဲနော်..!

“အင်း.. ကိုယ်နားလည်ပြီ..!”

ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်က စိတ်ကျေနပ်စွာ တွန့်ကွေးသွားပြီး အရောင်ကွဲမျက်ဝန်းအစုံကလည်း ပျော်ရွှင်မှုတွေနဲ့ တောက်ပနေလေတယ်။ ထို့နောက် သူ့ရဲ့လက်ချောင်းတွေနဲ့ ရွှယ်ယို့ရှန်းရဲ့ဆံပင်ကို ခပ်ဖွဖွလေး ပွတ်သပ်ပေးနေခဲ့တယ်။

ရွှယ်ယို့ရှန်းတစ်ယောက် သူ့ခန္ဓာကိုယ်ထဲက သွေးအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။

ဒီရင်းဆုယဲ့ကတော့ အရမ်းလွန်လွန်းနေပြီ။ မောက်မာထောင်လွှားပြီး အထက်စီးဆန်တဲ့ဗီလိန်ကြီး ဘယ်ရောက်သွားတာလဲ..? ဒီလို နူးညံ့ညင်သာပြီး အလိုလိုက်တတ်တဲ့ ဗီလိန်မျိုးကို မလိုချင်ပါဘူးနော်..!

ရင်းဆုယဲ့ရဲ့ နူးညံ့ကြင်နာတဲ့ အပြုအမူကြောင့် ရွှယ်ယို့ရှန်းက အနည်းငယ် စိတ်ဆိုးသွားတယ်။

သူနားမလည်နိုင်တော့ဘူး။ သူ့ရဲ့ဘယ်စကားလုံးက ရင်းဆုယဲ့ကို ဒီလိုမျိုး ပြောင်းလဲသွားစေတာလဲ..? သောက်ကျိုးနည်း..! စာချုပ်ကြောင့်တော့ မဟုတ်ပါဘူးနော်..?

စာချုပ်အကြောင်း တွေးလိုက်မိတဲ့အချိန် သခင်-အစေခံစာချုပ်က အတုဖြစ်နေတာကို ပြန်သတိရသွားတယ်။ သို့နှင့် ရွှယ်ယို့ရှန်းတစ်ယောက် ပြောရဲဆိုရဲ ဖြစ်လာတော့တယ်။

“အခုချိန်က ထွက်သွားတာ၊ မထွက်သွားတာကို ဆွေးနွေးနေရမယ့် အချိန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်.. သခင်-အစေခံစာချုပ်ကိစ္စ ပြောကြရအောင်..!”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now