ရင်းဆုယဲ့က ဝေရိရဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် လဲပြိုကျသွားတာကို ထူးမခြားနားတဲ့ မျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့လေတယ်။ သူ့ရဲ့ဟန်ပန်က အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ပေမယ့် ကြည့်ကောင်းနေတုန်းပဲ။

“…………”

ရွှယ်ယို့ရှန်းခမျာ သူ့ကိုယ်သူ ကယ်တင်လို့မရနိုင်တော့သလို ခံစားလိုက်ရတယ်။

‘တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး’ဆိုတာ တကယ်ကြီးဟ..!

ဗီလိန်ကြီးရင်းဆုယဲ့ဘေးမှာ နေတာကြာသွားတော့ အခုဆိုရင် ရင်းဆုယဲ့ သတ်ဖြတ်နေတာကို မြင်နေရတာတောင် သိပ်မကြောက်တော့ဘူး။ ဧကန္တ ဒီကမ္ဘာကို ရောက်တာကြာသွားလို့ နေသားကျသွားတာများလား..?

ဒါမှမဟုတ် ရင်းဆုယဲ့သတ်လိုက်တဲ့ လူတွေအားလုံးက ရန်သူတွေဆိုတော့ သူတို့အပေါ် ကိုယ်ချင်းစာစိတ် မရှိတော့တာများလား..?

ဒါမှမဟုတ် ရင်းဆုယဲ့ရဲ့ လူသတ်နည်းက သွေးတစ်စက်မှမထွက်တော့ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်သွားတာများလား..?

မည်သို့ပင်ဆိုစေ ကိုယ့်ကိုယ်ကို ၂၁ ရာစုရဲ့ လူကောင်းသူကောင်းလေးအဖြစ် သတ်မှတ်ထားတဲ့ ရွှယ်ယို့ရှန်းအတွက်တော့ ဝမ်းနည်းဖွယ်ရာ ပုံပြင်လေးတစ်ပုဒ်ပါပဲ..!

‘သူ့ရဲ့သုံးဖက်တွေးအမြင်က ပုံမှန်မဟုတ်တော့ဘူး’လို့ ရွှယ်ယို့ရှန်းကို ခံစားသွားရစေတဲ့အချက်က ရင်းဆုယဲ့ လူသတ်နေတာကိုကြည့်ရင်း…

‘လွှမ်းမိုးနိုင်စွမ်းရှိတယ်။ အထက်စီးဆန်ပြီး အရမ်းမိုက်တယ်’

..လို့ တွေးနေမိတာပါပဲ..!

ထိုအချိန်တုန်းက ရင်းဆုယဲ့က ဒီအတိုင်းလေး မတ်တပ်ရပ်နေခဲ့တာပဲ။ ဒါပေမဲ့ လှပသေသပ်တဲ့ ပန်းချီကားတစ်ချပ်လို အသက်ဝင်လွန်းတယ်။ ရွှေရောင်ဆံနွယ်တွေက လေနဲ့အတူ မျောလွင့်နေပြီး အနက်ရောင်ဝတ်ရုံက ရှည်လျားသန်မာတဲ့ သူ့ရဲ့ကိုယ်ဟန်ကို ပုံဖော်ပေးနေတယ်။ ထက်ရှစူးရဲတဲ့ မျက်ဝန်းတစ်စုံက ခိုင်မာပြတ်သားတဲ့စိတ်ကို ဖော်ပြနေတယ်။ နေရောင်ခြည် လွှမ်းခြုံထားတဲ့ သူ့ရဲ့ပုံစံက အရမ်းကိုရစ်မူးဖွယ်ရာပါပဲ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now