“မင်းတို့ရော သေချင်လို့လား..?”

ဝေရိကို ရှင်းပစ်ပြီးနောက် ရင်းဆုယဲ့က အော်ဟစ်နေတဲ့ လူတွေဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ရဲ့အသံက ခံစားချက်ကင်းမဲ့နေပြီး ကြားရသူတိုင်းကို နှလုံးသားရဲ့ အောက်ခြေအထိ အေးစိမ့်သွားစေတယ်။ ကြောက်မက်ဖွယ် စူးရှနေတဲ့ မျက်ဝန်းအစုံက ဤကမ္ဘာတစ်ခုလုံးကို သူ့ရဲ့ခြေဖဝါးအောက် ဖိနင်းထားသလိုမျိုး မာနတရားတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ ရင်းဆုယဲ့ကို ပြစ်တင်ရှုံ့ချနေကြတဲ့ လူတွေလည်း ချက်ချင်း လည်မျိုတက်နင်းခံလိုက်ရသလို တိတ်ဆိတ်သွားကြတယ်။

ရင်းဆုယဲ့ရဲ့ မျက်ဝန်းထဲကနေ လျှံကျလာတဲ့ ဖိအားအရှိန်အဝါက မိစ္ဆာတစ်ကောင်ရဲ့ အကြည့်လို့ အထင်မှားစေလောက်တယ်။ သူတို့ရဲ့နှလုံးသားထဲ တင်းကျပ်သွားရပြီး တိုင်းဆလို့မရတဲ့ အကြောက်တရားတွေ ပေါ်ထွက်လာခဲ့တယ်။

တောက်ပတဲ့နေရောင်ခြည်ကို နောက်ခံထားတဲ့ ရင်းဆုယဲ့ရဲ့ပုံစံက ‘နေမင်းအလင်းရောင်’ ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဆန့်ကျင်နေပြီး အနွေးဓာတ်ကို မခံစားရစေရုံသာမက ငရဲမှလွတ်မြောက်လာတဲ့ မိစ္ဆာကောင်လို မွန်းကျပ်စရာကောင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနေလေတယ်။

“ဘာမှမပြောဘူးဆိုတော့ အသံတိတ်သဘောတူနေတာလား..?”

ရင်းဆုယဲ့က မျက်ခုံးကို အသာအယာ ပင့်တင်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းထဲမှာတော့ လှောင်ပြောင်သရော်ရိပ်အပြည့်။

ဒီလူတွေက သူ့အရှေ့မှာတော့ ပုရွက်ဆိတ်လေးတွေလိုပဲ။ လှည့်ကြည့်ဖို့တောင် မထိုက်တန်ဘူး။ ဒီလူတွေနဲ့ အချိန်ဖြုန်းနေတာက သူ့ရဲ့ သွေးဆာလောင်နေတဲ့ လူသတ်ချင်စိတ်ကို နှစ်သိမ့်ပေးချင်လို့ပဲ။ ပြီးတော့ ဒီလူတွေကို သေခြင်းတရားက ဘယ်လောက် ကြောက်စရာကောင်းကြောင်း သိသွားစေချင်တယ်။

တကယ်တော့ အရင်ဘဝက သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့ ဝေရိကို အခုလို လွယ်လွယ်ကူကူ သေခွင့်မပေးချင်ခဲ့ဘူး။ ဒါပေမဲ့ သူစိတ်တိုနေရင်တောင် ကောင်လေးက သွေးလွှီမ်းနေတဲ့မြင်ကွင်းတွေကို မနှစ်မြို့ကြောင်း သတိရနေတုန်းပဲ။ ထို့ကြောင့် ဝေရိကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးလိုက်ရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now