အရင်တုန်းကဆို TV ကြည့်ရင်၊ ဝတ္ထုတွေဖတ်ရင် ဗီလိန်ဇာတ်ကောင်တွေက အသာစီးရနေသည့်တိုင် ဇာတ်လိုက်တွေကို ဘာလို့တစ်ခါတည်း မသတ်ပစ်လိုက်လဲ? သူနားမလည်နိုင်ခဲ့ဘူး။ ဇာတ်လိုက်ကို မေးခွန်းတွေ ထိုင်မေးနေသေးတာ။ အဲ့လိုအချိန်ဖြုန်းပြီး ဇာတ်လိုက်ကို လာကယ်မယ့်လူတွေကို စောင့်နေသေးတာ။ ဘယ်လောက်ညံ့ဖျင်းလိုက်သလဲ..? ရန်သူကို အချိန်ပေးတာက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ အတူတူပဲဆိုတာ သူတို့မသိကြဘူးလား..?

ကံကောင်းလို့ သူ့မိသားစုဝင် ဗီလိန်ကြီးရင်းဆုယဲ့က ယုံကြည်စိတ်ချရပြီး အရေးကြီးတဲ့အခြေအနေမျိုးမှာ အဲ့လိုအမှားမျိုးတွေ လျှောက်မလုပ်လို့ပေါ့..! ချီးမွမ်းခံသင့်တယ်..!

ရင်းဆုယဲ့က အနိုင်ရခဲ့ပေမယ့် တားမြစ်ဆေးလုံးသုံးခဲ့တဲ့ အကျိုးဆက်က အလွန်ကြီးမားတယ်။ တိုက်ပွဲမှကခဲ့တဲ့ အတွင်းဒဏ်ရာနဲ့ တားမြစ်ဆေးရဲ့ အကျိုးဆက်ကြောင့် ရင်းဆုယဲ့မှာ လျှို့ဝှက်စခန်းကို ပြန်ရောက်တာနဲ့ သတိလစ်သွားခဲ့တယ်။ ဘာကိုမှ မရှင်းပြခဲ့ဘဲ ပြဿနာအရှုပ်အထွေးများစွာ ချန်ရစ်ထားခဲ့တယ်။

သတိလစ်သွားကတည်းက မေ့မျောနေခဲ့တာ ၈ ရက်တောင် ရှိသွားခဲ့ပြီ..!

ဟုတ်တယ်။ တိုက်ပွဲပြီးကတည်းက အခုအချိန်ထိပဲ။ ၈ ရက်တောင် ကုန်လွန်ခဲ့ပြီ။ ဒီရက်ပိုင်းအတွင်း ရင်းဆုယဲ့ကို ကုသပေးနိုင်ဖို့ သူတို့နှစ်ယောက် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အတွင်းဒဏ်ရာရော၊ အပြင်ဒဏ်ရာရော၊ အကုန်လုံး ကုသပေးခဲ့ပြီးနောက်မှာ သူတို့သိလိုက်ရတယ်။ ရင်းဆုယဲ့က သူ့ဘာသာပဲ နိုးထလာနိုင်လိမ့်မယ်။ တခြားဘယ်သူမှ သူနိုးလာမယ့်အချိန်ကို ပြောနိုင်မှာမဟုတ်ဘူး။

“ကျွန်တော် မသိပါဘူး..”

မြေခွေးက ရွှယ်ယို့ရှန်းရဲ့မေးခွန်းကို အားဖျော့စွာ ပြန်ဖြေလိုက်တယ်။

သူ့သခင်ရဲ့ အခြေအနေကြောင့် စိတ်ထိခိုက်နေတာတော့ မဟုတ်ရပါဘူး။ ရွှယ်ယို့ရှန်းက ဒီရှစ်ရက်အတွင်း အဲ့မေးခွန်းတစ်ခုတည်းကို မရေမတွက်နိုင်အောင် ထိုင်မေးနေခဲ့လို့ပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now