မျှော်လင့်ချက်အပြည့်နဲ့ ရှင်းပြနေတဲ့ ကျွန်တော့် အထူးလေးက တကယ်ကိုချစ်စရာ။

"အဲ့ဒါဆို ငါတို့က မ,တည်ဖို့အတွက် အလှူရှင်အရင်ရှာရမှာပေါ့"

"အင်း။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုတော့ ငါတို့ချည်းပဲဆို မနိုင်လောက်ဘူး"

"ဒီလိုလုပ်ရအောင်။ အိမ်ရောက်လို့ ညစာစားတဲ့အခါကျရင် အခု မင်းပြောတဲ့အကြောင်းအရာတွေကို အဖေ့ကိုပြောပြ။ အဖေက အဲ့လိုမျိုးတွေ စိတ်ဝင်စားတော့ သူလည်း အဖွဲ့ဝင်ဖြစ်လာနိုင်တယ်"

"အင်း။ အဲ့ဒါဆို ညကျပြောရအောင်လေ။ အန်ကယ်က အဆက်အသွယ်ကောင်းတော့ ငါတို့အတွက် ပိုပြီးကောင်းတယ်"

ထူးအောင်က ဒီနေ့ တစ်နေကုန် ကျွန်တော့်ရုံးခန်းထဲမှာပဲ ထိုင်ပြီး သူလုပ်ချင်တဲ့ အစီအစဥ်ကို အသေးစိတ် ပလန်ချတယ်။ အားကြိုမာန်တက်နဲ့ လုပ်နေတဲ့ သူ့ပုံစံကိုကြည့်ပြီး သူဘယ်လောက် စိတ်အားထက်သန်နေလဲဆိုတာကို ခန့်မှန်းလို့တောင်ရတယ်။

"အဲ့လိုမျိုး အရမ်းလုပ်ချင်နေခဲ့တာလား"

ထူးအောင်ဘေးမှာ ဝင်ထိုင်လိုက်ရင်း ကျွန်တော် မေးလိုက်တော့ အင်းဆိုပြီး သူက ခေါင်းညိတ်ပြတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ဘက်လှည့် ၊ အားရပါးရပြုံးပြလာပြီး

"ငါလေ ဟိုးငယ်ငယ်လေးကတည်းက ဆေးရုံစရိတ် မတတ်နိုင်တဲ့ ရောဂါသည်တွေကို ထောက်ပံ့ပေးချင်ခဲ့တာ"

ပြောရင်းနဲ့မှ ထူးအောင်က ကျွန်တော့်လက်မောင်းကို သူ့ရဲ့ လက်တွေနဲ့ လာချိတ်ပြီး ကျွန်တော့်ပခုံးပေါ်ကို ခေါင်းတင်လာတယ်။

"မောင်ထူး... မင်းကလေ ငါ့ရဲ့ တကယ့်ပါရမီဖြည့်ဘက်ပဲ"

ပြောပြီး ကျွန်တော့်မျက်နှာကို မော့ကြည့်တယ်။ ပြီးတော့ တစ်ခါ ပြုံးပြပြန်ပြီး

"ချစ်တယ် ၊ မောင်ထူး"ဟု ဆိုကာ ​ရွှတ်ကနဲ ပါးကိုလာနမ်းပြီး တခစ်ခစ်ရယ်နေပြန်တယ်။

ကျွန်တော့်မှာလည်း အခုလို ရယ်ရွှင်မြူးနေတဲ့ ကျွန်တော့်အထူးလေးကြောင့် တကယ်ကို ပျော်ရွှင်ရပါတယ်။ ကြည်လည်းကြည်နူးရပြီး စိတ်ချမ်းလည်း အလွန်သာရတယ်။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now