ဤကမ္ဘာကိုရောက်ပြီးကတည်းက ရွှယ်ယို့ရှန်းအတွက် ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့စစ်မှန်တဲ့ အေးစက်စက်အရှန်အဝါကို ထုတ်ဖော်လိုက်တာပါပဲ။ ကမ္ဘာမြေပေါ်မှာ ရှိနေခဲ့စဉ်က သူ့ရဲ့အေးစက်တဲ့စရိုက်ကြောင့် နတ်ဘုရားတစ်ပါးလို တော်ဝင်ဆန်ပြီး မြင့်မြတ်တဲ့အရှိန်အဝါကို ထိန်းထားနိုင်ခဲ့တယ်။ အခုတော့ ပြီးပြည့်စုံတဲ့ ရုပ်ရည်သွင်ပြင်ကို ပြန်လည်ရရှိလိုက်တာကြောင့် သူ့ရဲ့စရိုက်အရှိန်အဝါက မတုံ့မနှေး ပေါ်ထွက်လာခဲ့တော့တယ်။

 “ကျွန်တော့်ရဲ့တာဝန်က ကာကွယ်ပေးရုံပါ..!”

မြေခွေးက မသိစိတ်အရ အကြည့်လွှဲလိုက်မိပြီး သူ့ရဲ့စိတ်ထဲ၌ နေရခက်လာတာကြောင့် ရွှယ်ယို့ရှန်းကို ဆူငေါက်လိုက်တယ်။

ရွှယ်ယို့ရှန်းက အရမ်းကြည့်ကောင်းတာကို သတိထားခဲ့ပေမယ့် ဒီလောက်အထိ အရှိန်အဝါပြင်းထန်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ တဖက်လူက ဖီးနစ်မျက်ဝန်းတွေကို မသိမသာ ပင့်တင်ထားတယ်။ ကမ္ဘာပေါ်မှာ အနက်ရှိုင်းဆုံး မျက်ဝန်းတွေ။ အေးစက်စက် လရောင်ထပ်ဟပ်နေတဲ့ ဆောင်းဦးနှင်းစက်လို၊ ကောင်းကင်ယံထက်မှာ လွင့်မျောနေတဲ့ တိမ်တိုက်တွေလို၊ အရည်မပျော်နိုင်တဲ့ ရေခဲပန်းဆွဲလို၊ ဒါမှမဟုတ် တစ်နှစ်ပတ်လုံး အေးခဲနေတဲ့ တောင်ကမ်းပါးအောက်၌ ဆီးနှင်းထုကြီးလိုပဲ။

‘ရေခဲ’ နဲ့ ‘ဆီးနှင်း’ ဆိုတဲ့စကားလုံးတွေက သူ့ရှေ့ကလူသားအတွက် အထူးတလည် ဖန်တီးထားတာများလား။ ရေခဲတွေက အရိုး၊ ဆီးနှင်းပွင့်တွေက အပေါ်လွှာအရေခွံ။ လေညှင်းတွေနဲ့အတူ လွင့်မြောနေတဲ့ဆံနွယ်တွေနဲ့ အဖြူရောင်ဝတ်ရုံက လူငယ်လေးရဲ့ အေးစက်ပြင်းထန်တဲ့အချိန်အဝါကို တိုးမြှင့်ပေးလိုက်သလိုပဲ။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တခြားအဆင်တန်ဆာတွေ မရှိပေမယ့် နဖူးထက်က အနီရောင်ပတ္တမြားကျောက်က အလှမ်းဝေးပြီး မိန်းမောတွေဝေစေတဲ့ ခံစားချက်တွေကို ပေးစွမ်းနေတယ်။

တကယ်လို့ လွန်ခဲ့တဲ့ ၄၈ ရက်လုံးလုံး ရွှယ်ယို့ရှန်းကို အနီးကပ် မစောင့်ရှောက်ခဲ့ရတာကြောင့် တစ်ဖက်လူရဲ့ ပြစ်မျိုးမှဲ့မထင် အလှတရားကို ကျင့်သားမရခဲ့ဘူးဆိုရင်၊ သူထင်တယ်၊ လက်ရှိအချိန်မှာ သနားစဖွယ်ပုံစံလေးနဲ့ ထွက်ပြေးမိလိမ့်မယ်။ ဒီလိုအလှတရားမျိုး.. ရွှယ်ယို့ရှန်းသာ ပျားရည်ထောင်ချောက်သုံးခဲ့ရင် ဘယ်သူမှတွန်းလှန်နိုင်မှာ မဟုတ်လောက်ဘူး။ သူ့ရဲ့သခင်က ရွှယ်ယို့ရှန်းကို အစိုးရိမ်လွန်နေပြီး ရွှယ်ယို့ရှန်းရဲ့စကားကို နားမထောင်တာ နှမြောစရာပဲ..! တကယ့်ကို နှမြောစရာပဲ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now