ချန်ချန်းချင်းက စီးကရက်ဖင်စီခံကိုအမှိုက်တောင်းထဲ လွှင့်ပစ်ကာ ထွက်သွားဖို့ ဟန်ပြင်နေသည့် လုကျန့်ဖေးထံ ကျောခိုင်းထားရင်း စကားဆိုလိုက်သည်။

"ဒီနေ့ ငါအပြင်သွားချင်တယ်"

လုကျန့်ဖေး၏ ခြေလှမ်းတွေ တန့်ခနဲဖြစ်သွား၏။

"ရတယ်လေ"

"ငါ့ဖုန်းပြန်ပေး"

လုကျန့်ဖေးက ထပ်မံခေါင်းညိတ်ပြလိုက်ရင်း

"မင်း ဘယ်သွားမှာလဲ။ ကိုယ် တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်"

လိုက်ပို့ခိုင်းတာထက် လိုက်ကြီးကြပ်ခိုင်းတာနှင့် ပိုတူသေးသည်။ သို့ပေမဲ့ သူ့မှာ ငြင်းဖို့အခွင့်အရေးမရှိမှန်း ချန်ချန်းချင်း သိသည်။

လုကျန့်ဖေး ထွက်သွားသည့်နောက် ချန်ချန်းချင်းသည် ကိုယ်လက်သန့်စင်ကာ မနက်စာ စားလိုက်သည်။ နောက် လုကျန့်ဖေး လွှတ်ထားသော ကားပေါ်တက်၍ ဝမ်ဝူးလင်ထံ ထပ်မံဖုန်းခေါ်လိုက်လေသည်။

ဝမ်ဝူးလင်က ဖုန်းဖြေကာ မေးလာသည်။

"ချန်းချင်းလား"

"မင်းအားလား။ ထွက်လာပြီး လက်ဖက်ရည်သောက်ရအောင်"

ဝမ်ဝူးလင် သဘောတူပြီးသည့်နောက် နှစ်ယောက်သားက နေရာနှင့် အချိန်ကို သတ်မှတ်လိုက်ကြသည်။

ဆုံတွေ့ကြမည့် လိပ်စာက ချန်ချန်းချင်း မကြာခဏသွားလေ့ရှိသော လက်ဖက်ရည်ဆိုင်ဖြစ်သည်။ လုကျန့်ဖေးက သူ့နောက်လိုက်ဖို့ တစ်ယောက်ယောက်ကို သေချာပေါက်လွှတ်မည်ဆိုတာ သူသိသည်။သို့ပေမဲ့ သူ့မှာ ထွက်ပြေးဖို့ အစီအစဥ် လုံးဝမရှိပေ။ထို့ကြောင့်လည်း လုကျန့်ဖေး အဆိုပြုတာကို အေးအေးဆေးဆေး လက်ခံလိုက်တာဖြစ်သည်။

ဆောင်းရာသီ မနက်ခင်းစောစော၏ နေရောင်ခြည်က လူတွေအပေါ် သက်တောင့်သက်သာဖြစ်စွာ ဖြာကျနေသည်။ချန်ချန်းချင်းက ကားပြတင်းပေါက်ကို နှိမ့်ရင်း နေရောင်ခြည်ကို ခံစားနေလိုက်၏။

ဒရိုက်ဘာက သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးဖွင့်လာသည်။ယင်းက လူကို ပိုလို့ အိပ်ငိုက်လာစေလေသည်။ ချန်ချန်းချင်း လုံးဝအိပ်မောကျမသွားခင်လေးမှာပင် သတ်မှတ်ထားသည့်နေရာသို့ ရောက်ရှိလာလေသည်။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now