“ရင်းဆုယဲ့.. မင်းရင်ခွင်ထဲက မိစ္ဆာကောင်က ကြည့်လို့ကောင်းတာတော့ အမှန်ပဲ.. ဒါပေမဲ့ အဲ့လိုမိစ္ဆာကောင်လေးအတွက် မင်းရဲ့ဘဝကို ကိုယ်တိုင်ဖျက်ဆီးပစ်တာ ထိုက်တန်လို့လား..?”

အတော်ကြာအောင် စောင့်ဆိုင်းနေပေမယ့်လည်း ရင်းဆုယဲ့က သူ့ရဲ့စကားတွေကို နားဝင်ပုံမရတာကြောင့် ရင်းမင်လည်း အနည်းငယ် စိတ်ပူလာခဲ့တယ်။

ရင်းမင်ရဲ့အမြင်မှာ ရင်းဆုယဲ့ရင်ခွင်ထဲက မိစ္ဆာကောင်လေးက ချောမောကြည့်ကောင်းတာကလွဲလို့ ဘာမှသုံးစားမရဘူး။ အထူးသဖြင့် ထိုမိစ္ဆာကောင်က လှပတဲ့ရုပ်ရည်လေးကို အသုံးချပြီး သူတို့ရင်းအိမ်တော်ရဲ့ အမွေခံသားဖြစ်သူ ရင်းဆုယဲ့ကို သွေးဆောင်ဖြားယောင်းခဲ့တယ်။ သူ့အစား အပြစ်ဒဏ်ခံခိုင်းခဲ့တယ်။ လုံးဝခွင့်လွှတ်ပေးလို့မရတဲ့ ပြစ်မှုကြီးပဲ။

“ယောက်ျားလေးတွေကို ကြိုက်တယ်ဆိုလည်း မင်းလိုချင်သလောက် ငါရှာပေးနိုင်တယ်.. အဲ့မိစ္ဆာကောင်နဲ့ပေါင်းပြီး ပြဿနာလိုက်မရှာစမ်းနဲ့..!”

သူ့ရဲ့စကားတွေကို ရင်းဆုယဲ့က လုံးဝပြန်မဖြေတာကြောင့် ရင်းမင်လည်း သူ့ဘာသာ ဆက်ပြောနေလိုက်တယ်။ ရင်းဆုယဲ့ကို ရူးရူးမိုက်မိုက်အရာတွေ မလုပ်မိစေဖို့ ဖြောင်းဖြနေရင်း အတတ်နိုင်လုံး လိုက်လျောနေခဲ့တယ်။ ပြီးတော့ အမှားအားလုံးကို ရွှယ်ယို့ရှန်းခေါင်းပေါ် ပုံချပစ်လိုက်တယ်။

“သူတစ်ယောက်တည်းပဲ..!”

ရင်းဆုယဲ့က ရင်းမင်ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြန်ဖြေနေဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူရင်ခွင်ထဲကကောင်လေး စိတ်မကောင်းဖြစ်သွားမှာကို စိုးရိမ်တာကြောင့် စိတ်ပြောင်းသွားခဲ့တယ်။ ရွှယ်ယို့ရှန်းက ရုတ်တရက် ကြီးပြင်းလာပေမယ့် သူ့ရဲ့မျက်ဝန်းထဲမှာတော့ ဘယ်လိုပုံစံပြောင်းလဲသွားပါစေ ပထမဆုံးစတွေ့ခဲ့ဖူးတဲ့ ပုံစံလေးအတိုင်း နွေးထွေးကြင်နာတတ်ပြီး စိတ်ထားကောင်းမွန်တဲ့ ကောင်ငယ်လေးပဲ။

‘သူတစ်ယောက်တည်းပဲ’ ထိုစကားငါးလုံးကလည်း ရင်းမင်ကို ပြန်ဖြေတာမဟုတ်ဘဲ ရွှယ်ယို့ရှန်းက ပြောပြချင်ခဲ့တာ ဖြစ်တယ်။ သူ့ရဲ့နှလုံးသားထဲမှာ ကောင်လေးရဲ့ဖြစ်တည်မှုက ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိစေချင်ခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now