အခန်း(၁၃)

Mulai dari awal
                                    

အိပ်ချင်နေသည့်စိတ်က လေထုထဲအငွေ့ပျံသွားတဲ့ မီးခိုးငွေ့တွေလိုမျိုး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ကျွန်တော်ရိုင်းကို ပြန်ပြီးစိုက်ကြည့်နေခဲ့သည်။ လည်ပင်းထဲ၌ အသက်ရှူရခက်ခဲနေအောင်အထိ တင်းကျပ်ပိတ်ဆို့နေပြီး သို့ပေမယ့် ထိုကဲ့သို့ကြောက်ရွံ့တုန်လှုပ်နေသည့်အဖြစ်ကို ရိုင်း' မြင်အောင်တော့ မပြခဲ့။ မဟုတ်လျှင် သူက ဒါကို အခွင့်အရေးယူ အသုံးချနေဦးမည်။

"ဘာကို အရူးလာထနေပြန်တာလဲ မျိုးမစစ်ကောင် ... ငါ အခုထိ သေသေချာချာနိုးနေသေးတာမဟုတ်ဘူး !"

ဒေါသတကြီးနဲ့ အော်ဟစ်ပစ်ပြီးနောက် ကျွန်တော့်ကိုဖမ်းချုပ်ထားတဲ့ ရိုင်းရဲ့လက်အတွင်းမှလွတ်မြောက်ဖို့အတွက် ကျွန်တော်ကြိုးစားလိုက်သည်။ သို့ပေမယ့် ရိုင်းက သူ့အားကိုထပ်မသုံးခဲ့တာကြောင့် အမှတ်မထင်ဘဲ ကျွန်တော် အိပ်ရာပေါ်သို့ ပြန်လဲကျသွားခဲ့သည်။ ထိုအချိန် ဒဏ်ဖြစ်ထားတဲ့ ကျွန်တော့်ခါးနားတစ်ဝိုက်က မာကျောနေတဲ့အိပ်ရာနဲ့ထိတွေ့မိပြီး ထိုမှတစ်ဟုန်ထိုးတက်လာတဲ့ နာကျင်မှုကြောင့် ငယ်သံပါအောင်အော်ဟစ်မိသည့်အပြင် ပုဇွန်တစ်ကောင်ကဲ့သို့ ကျွန်တော့်ကိုကွေးကွေးလေးဖြစ်သွားစေသည်။

ရိုင်းက ကျွန်တော့်လက်ကောက်ဝတ်ကိုဆွဲပြီး သူ့အားမျက်နှာချင်းဆိုင်ကြည့်စေသည်။ စိတ်မပါခြင်းနှင့် နောင်တရနေခြင်းတို့က တွန့်ဆုတ်တွေဝေခြင်းမရှိတဲ့ ရိုင်းရဲ့မျက်နှာပေါ်မှာ ထင်ဟပ်နေသည်။

"ငါ မင်းကို သတိပေးခဲ့တယ် ဒက်ရှ်ရှဲရိုး ! အန္တရာယ်များတဲ့ အဲ့ဒီရေသူထီးအနား မသွားဖို့ ငါ မင်းကို သတိပေးခဲ့တယ် ၊ ဘုရားရေ ... မင်း အရင်ဆုံး စိတ်ကိုငြိမ်ငြိမ်ထားသင့်တယ် !"

"စိတ်ငြိမ်ငြိမ်ထား ? "

အခုဖြစ်နေတဲ့ ရိုင်းရဲ့ပုံစံက အချိန်မရွေးကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်နေတဲ့ စိတ်တည်ငြိမ်မှုမရှိတဲ့ လူနာကို ဖျောင်းဖျနေသည့်အတိုင်းဖြစ်နေပြီး ကျွန်တော့်ကို တော်တော်လေးထူးဆန်းတယ်လို့ ခံစားရစေသည်။

"ခင်များ ကျွန်တော့်ကို နာအောင်လုပ်နေတာ ... ဘယ်လိုမှ စိတ်ငြိမ်ငြိမ်မထားနိုင်ဘူး "

Desharow's MermanTempat cerita menjadi hidup. Temukan sekarang