အပိုင်း✨🍁(၇)

Start from the beginning
                                    

ကြေညာသံအဆုံး၌ ခတ္တရာ အတက်နိုင်ဆုံး မျက်နှာတော်ကိုပြုံးထားရင်း ခမည်းတော်နှစ်ပါးကို ဂါဝရပြုလိုက်သည်။

ခတ္တရာ  အစ်ကိုတော်အားကြည့်မိတော့ ဂရုဏာသက်သည့်မျက်လုံးများဖြင့် ကြည့်နေပြီး အားတင်းထားပါကလေးငယ်ဟု ပြောနေသလိုခံစားရသည်။
ငိုချင်လာသည့်စိတ်ကိုထိန်းထားရင်း ခတ္တရာမျက်လွှာကို ချထားမိသည်။
ဒီနေ့ ဒီအချိန်ပြီးသည်နှင့် သူဟာ ဗိဿနိုးနှင့်မသက်ဆိုင်တော့ သရေခေတ္တရာပြည်၏ ရှေ့ရေးကိုပဲ မျှော်တွေးရတော့မည့်မိဖုရားတစ်ပါး ဖြစ်လာပြီပဲဖြစ်သည်။

ခတ္တရာနားထဲမှာတော့ ဖခမည်းတော်နှစ်ပါး၏ ကောင်းချီးပေးသံကိုလည်းမကြားချင် ပရောဟိတ်ကြီးမှ စ၍ တစ်တိုင်းပြည်လုံး၏ ကောင်းချီးပေးသံများကိုလည်း မကြားနိုင်တော့ အကျဉ်းထောင်ကဲ့သို့ ရှင်သန်ရတော့မည့် သူမဘဝ၏ရှေ့ရေးနှင့်အတူ မောင်ငယ်လေးကို ပိုမိုကာကွယ်ပေးနိုင်ဖို့ပဲ တွေးနေမိတော့လေသည်။

လက်ဆက်ပွဲပြီးနောက် တိုင်းပြည်၏ ဘုရင်နှင့်မိဖုရားခေါင်တို့အား ဝေါယာဉ်နှင့် တိုင်းပြည်အတွင်း လှည့်လည်ကာ ပြည်သူတို့၏ မေတ္တာတရားကို ခံယူရပြန်သည်။
အဆုပ်အဆုပ်ကျဲဖြန့်လာသော ကံ့ကော်ပန်း၊နှင်းဆီပန်း၊စံပယ်၊ခရေ အစရှိသည့်ပန်းများက ခတ္တရာ၏ ပဝါပေါ်ကျရောက်လာသဖြင့် အသာအယာဖယ်ရင်း မိမိဘေးက ကျောက်ရုပ်ပမာထိုင်နေသည့်သူအား မသိမသာကြည့်မိသည်။

ဘေးတစ်စောင်းမြင်နေရသည့် မျက်နှာတော်တွင် တည်ကြည်ခန့်ညားခြင်း၊ပြတ်သားခြင်း၊ချောမောခြင်းစသည့် အရိပ်အယောင်များပြည့်နှက်နေပြီး တည်တင်းနေသည့် မေးရိုးဟာလည်း သူ့ဆွဲဆောင်မှုနှင့်သူကြည့်ကောင်းနေသည်။
ခတ္တရင်ထဲ ထိုလူ့အပေါ် တိုင်းပြည်ဘုရင်တစ်ပါးအနေ မိမိခင်ပွန်းအနေဖြင့် အထင်ကြီးလေးစားမိသော်လည်း တခြားမရိုးမသားသည့် စိတ်မျိုးတော့ဖြစ်ပေါ်၍ မလာ။
ထို့နောက်တွင်တော့ အသာအယာအကြည့်လွှဲပြီး ရှေ့တည့်တည့်ကိုသာ ပြန်ကြည့်နေလိုက်တော့သည်။

ဒဝီဦးခိုက် ကိုယ့်အားကြည့်နေသော ထိုအမျိုးသမီးအား သတိထားမိသော်လည်း
လှည့်ကြည့်ချင်စိတ်မရှိ ။မကြာခင် အိပ်ဆောင်အတူဝင်ရမည့်အရေးကို တစ်ဖက်က မိန်းမပျို၏ အရှက်သိက္ခာအတွက် ဘယ်လိုဆွေးနွေးရင်ကောင်းမလဲဆိုတာ တွေးနေမိသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now