[39]' Born from ashes '

Start from the beginning
                                    

" မင်းရဲ့ မယ်တော်လည်း Raven မှာပဲ ။ မင်း က အဲ့ဒီမိန်းမ အဆုံးထိ မထမ်းလိုက်နိုင်တဲ့ တာဝန်ကို ဆက်ပြီးထမ်းဆောင်ရမယ် ။ ဒါ မင်းလိုတည်ရှိမှုအတွက် သိပ်ကိုမြင့်မြတ်တဲ့ တာဝန်တစ်ရပ်ပဲ ။ တိုင်းပြည်အတွက် အမိန့်ကိုနာခံ, Prince Xavia Henley Ash "

ဘုရင်သည် ထိတ်လန့်တုန်လှုပ်သွားသော ကလေးငယ်၏ အမူအရာအား မထောက်ထားနေ ... ။ ထိုစကားတို့အား သူနှင့်သက်ဆိုင်ခြင်းအလျင်းမရှိဟန် ပြောထုတ်လိုက်လေသည် ။

ထိုအခါ သေးငယ်သော လက်လေးသည် ဖခမည်းတော်၏ ဝတ်ရုံနက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားရာမှ တဖြည်းဖြည်းလွှတ် ပေးလိုက်တော့သည် ။ သူ ကြားလိုက်ရသော စကားအ‌ပေါ် မည်သို့တုံ့ပြန်ရမလဲ ကလေးငယ် မသိပေ ... ။ သူ အသေအချာသိလိုက်သည် တစ်ခုက သူ၏ဖခမည်း‌တော်အမည်ခံထား‌သော ဤလူအပေါ် သူ မှီခိုအားကိုး၍ မရနိုင်ကြောင်းပင် ... ။

ထိုအမှန်တရားက သူ့ကို သိမ်ငယ်သွားခဲ့စေသည် ။

အစဉ်အမြဲ အဝေးမှနေ၍ ဖခမည်းတော် ရှင်ဘုရင်ကြီးအား မင်းသားငယ်သည် မျက်လုံးတောက်လေးများဖြင့် ငေးကြည့်ခဲ့ဖူးသည် ။ သူတို့သားအမိနှစ်ဦးကို သူသိတတ်စအချိန်တည်းက တစ်ချက်လာမကြည့်ခဲ့သော ဖခင်ရဲ့အကြောင်းတွေကို မယ်တော်ဖြစ်သူအား ပူဆာကာ မေးမြန်းခဲ့ဖူးသည် ။ အားတက်သရော နားထောင်ရင်း ဂုဏ်ယူဝင့်ကြွား လေးစားခဲ့ဖူးသည် ။

သို့သော် ... တစ်ဖက်လူသည် သူ့အား ချစ်ခြင်းမေတ္တာထားဖို့မပြောနှင့် အသွေးအသားဟုပင် မယူဆခဲ့ ... ။

ဖခမည်းတော်နဲ့ပတ်သတ်သော ပျော်ရွှင်ဖွယ် ဇာတ်ကြောင်းလေးတွေကို ပြောပြနေခဲ့တဲ့ မယ်တော်ရဲ့ မျက်ဝန်းတွေ ငိုကြွေးနေခဲ့တာကို သူ မြင်နိုင်စွမ်းမရှိခဲ့ ... ။ သိုဝှက်ထားသော မျက်ရည်တို့ဖြင့် မယ်တော်ဟာ သွေးအေးသော ဖခင်အား သားငယ်ရဲ့စိတ်ကူးထဲ အကောင်းဆုံးသော လူသားတစ်ဦးဖြစ်ဟန် အမြဲတမ်းပုံဖော်ပေးခဲ့လေသည် ။

သူ ပွေ့ဖက်ထားခဲ့သမျှသည် အလိမ်အညာတွေဖြစ်ကြောင်း သိရချိန် ...၊ သူ စိတ်ကူးထားခဲ့သမျှသည် ပုံရိပ်ယောင်တွေဖြစ်ကြောင်း လက်ခံရချိန်တွင်လည်း စွမ်းအားမဲ့သော ကိုးနှစ်သားကလေးငယ်တစ်ဦး ဘယ်လိုတုံ့ပြန်နိုင်မည်နည်း ?

Days of Counting Camellia (Hiatus)Where stories live. Discover now