ချက်ခြင်းပင် တံခါးပွင့်လာပြီး ညီမလေးသည်လည်း မျက်ရည်များနှင့်အတူ အခန်းအပြင်ကို ထွက်လာပြီး ကျွန်တော့်ကို ဖက်ထားကာ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။ နှုတ်မှလည်း 'ကြောက်တယ်...ကြောက်တယ်...'ဟု တီးတိုးရေရွတ်နေလေ၏။

"ညီမလေး ဘာဖြစ်တာလဲဟင်...ညီမလေး..."

ကျွန်တော် မေးသော်ငြားလည်း ဘာစကားမှ ပြောမလာ။ ခဏအကြာတွင် ကျွန်တော်လည်း အခန်းတံခါးကို တွန်းဖွင့်ပြီး အိမ်ထဲသို့ ကြည့်လိုက်သော်လည်း မီးများမှိတ်ထား သဖြင့် အတွင်းဘက်ကို သေချာမမြင်ရ။ ညီမလေးကို မမချယ်ရီက ဖက်ထားပေးချိန် ကျွန်တော်လည်း တိုက်အတွင်းသို့ ဝင်လိုက်ကာ မီးခလုတ်ကို အရင်ရှာရလေသည်။

တံခါးဘေး တစ်ဖက်နံရံတွင် မီးခလုတ်ကို ရှာတွေ့သဖြင့် ကျွန်တော် မီးဖွင့်လိုက်လေသည်။ အခန်းအတွင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော့် လှုပ်ရှားမှုအစုံစုံတို့သည် ရုတ်ချည်းပင် ရပ်တန့်သွားရတော့သည်။ ကြမ်းခင်းပေါ်တွင် လဲကျနေသော လူတစ်ယောက်။ပို၍ ထူးဆန်းသည်က ထိုသူသည် ကျွန်တော်တို့လုပ်ငန်းရဲ့ စီးပွားဖက် ဦးငွေသော်ပင် ဖြစ်နေလေသည်။ ပြီးတော့ ထိုသူ လဲနေရာ ကြမ်းခင်းသည် သွေးများအိုင်လျက်ရှိနေလေသည်။

'ညီမလေးကကော ဘာလို့ ဒီကိုရောက်နေရတာလဲ...ညနေကတောင် သူငယ်ချင်းအိမ်ညသွားမယ်ဆိုပြီး ထွက်သွားတာလေ' ကျွန်တော့်အတွေးတို့သည်လည်း တောင်စဉ်ရေမရ ဖြစ်ကုန်ပြီး ဦးနှောက်တစ်ခုလုံး ပေါက်ထွက်တော့မတတ် စဉ်းစားနေပါသော်လည်း အဖြေထွက်မလာ။

တံခါးဆီ ပြန်သွားပြီး မမချယ်ရီ ကို အထဲဝင်ခဲ့ဖို့ ‌ကျွန်တော်ပြောလိုက်တော့ ညီမလေး လည်းတုန်ရီစွာပင် အခန်းထဲသို့ ဝင်လာလေ၏။ လဲကျနေသူကိုတော့ ညီမလေး အကြည့်လွှဲထား ကြောင်းတွေ့ရလေသည်။ ညီမလေး၏ မျက်နှာကို မီးရောင်အောက်တွင် သေချာကြည့်မိတော့ နှုတ်ခမ်းထောင့်စွန်းတို့သည် သွေးများထွက်နေပြီး ပါးတစ်ဖက်ခြမ်းသည်လည်း ညိုမဲနေလေသည်။

ကျွန်တော်လည်း လဲကျနေသော ဦးငွေစိုး နားသွားပြီး သူအသက်ရှူမရှူစစ်ကြည့်ဖို့ ပြင်လိုက်စဉ် ညီမလေး စတင်စကားပြောလာလေသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now