“ဝေရိတောင် မကန့်ကွက်ဘူး.. တခြားဘာအကြောင်းပြချက် ပေးချင်သေးလဲ..?”

ထောက်ခံပေးမယ့်လူ ပေါ်လာတာကြောင့် ရွှယ်ယို့ရှန်းလည်း ယုံကြည်ချက်အပြည့် ဖြစ်နေတော့တယ်။ ခါးပေါ်လက်ထောက်လိုက်ပြီး ရင်းဆုယဲ့ကို ခပ်ကြမ်းကြမ်း ကြည့်လိုက်တယ်။

ဝေရိရဲ့စကားတွေက သူ့အတွက် အကူအညီဖြစ်ခဲ့တယ်ဆိုပေမယ့် ရွှယ်ယို့ရှန်းက ဝေရိကို လုံးဝသဘောမကျဘူး။ ရင်းဆုယဲ့လို အတိတ်ဘဝတုန်းက သစ္စာဖောက်ခဲ့တဲ့လူကို တည်တည်ငြိမ်ငြိမ် ဆက်ဆံနိုင်လောက်တဲ့အထိ သူက စိတ်ဓာတ်မသန်မာသေးဘူးလေ။ ပွင့်ပွင်းလင်းလင်း ပြောရမယ်ဆိုရင် ရင်းဆုယဲ့အစား မတရားသလို ခံစားနေတယ်..!

အမှန်တကယ်တော့ ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုထဲမှာ ဝေရိရဲ့ ဇာတ်ကောင်က အရေးမကြီးပေမယ့် အရေးမပါတာမျိုးလည်းမဟုတ်တဲ့ ဇာတ်ပို့တစ်ယောက်ပဲ။ သူ့ရဲ့ဇာတ်ကွက်က နောင် ၁၀ နှစ် လက်ရှိလူသားဘုရင် သေဆုံးသွားတဲ့အချိန်မှာ စတင်လိမ့်မယ်။ မြို့တော်တစ်ခုလုံး ကသောင်းကနင်းဖြစ်နေတဲ့အချိန် ဝေရိက တော်ဝင်ကိုယ်ရံတော်တပ်ကို ဦးစီးပြီး တော်ဝင်မြို့တော်ကို ငြိမ်ဝမ်ပိပြားအောင် ထိန်းချုပ်နိုင်ခဲ့တယ်။ ရင်းဆုယဲ့ လူသားဘုရင်ဖြစ်လာတဲ့အချိန် ဝေရိက ရင်းဆုယဲ့ကို သူ့ရဲ့သခင်အဖြစ် ချက်ချင်း တင်မြှောက်ခဲ့တယ်။ နောက်တော့ ရင်းဆုယဲ့ရဲ့ သွေးအေးရက်စက်မှု၊ သွေးဆာလောင်တဲ့ အပြုအမူတွေကို ဝေရိက လက်သင့်မခံနိုင်တော့ဘဲ အဓိကဇာတ်ကောင် ဟွမ်ပေ့ချန်ရဲ့ စည်းရုံးသိမ်းသွင်းမှုအောက်မှာ ရင်းဆုယဲ့ကို ရက်ရက်စက်စက် နောက်ကျောဓားထိုးခဲ့ပြန်တယ်။

အဲ့တာကြောင့် ပြောရမယ်ဆိုလျှင် မြို့တော်နဲ့ တော်ဝင်မြို့တော်နှစ်ခုလုံးက ရင်းဆုယဲ့အတွက် အမှတ်တရကောင်းတွေ မဟုတ်ခဲ့ဘူး။ သစ္စာဖောက်ခြင်း၊ အထီးကျန်ခြင်းများတွေ ပြည့်နှက်နေတဲ့ အဲ့လိုမှောင်မိုက်တဲ့နေရာမျိုးကို ရင်းဆုယဲ့တစ်ယောက်တည်း လုံးဝမလွှတ်နိုင်တော့ဘူး..!

“ဟုတ်ပါပြီ.. အတူတူသွားကြတာပေါ့..!”

မတတ်သာတဲ့အဆုံး ရင်းဆုယဲ့လည်း သဘောတူလိုက်ရတော့တယ်။ သူ့ရဲ့စိတ်ထဲမှာ စိတ်သက်သာရာ ရသွားခဲ့သလို ရင်ထဲလှုပ်ခတ်သွားရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Dove le storie prendono vita. Scoprilo ora