''တော်ပြီ..မဆော့နဲ့တော့။ခေါင်းမူးပါမယ်လို့ပြောနေတာကို။ပေး ဖုန်းကို''

''ခဏလေး..ခဏလေး။တကယ်ခဏလေး။ပြီးပြီ..ပြီးပြီ..''

လိုက်လုနေသည့်ကြားကတောင် ကိုယ့်လက်တွေကို ရှောင်ကွင်းပြီး မရမကဆော့နေလေသည်။

''ပေးလို့ဆိုနေ၊ငါ့မှာတော့ ဖျားနေတယ်ဆိုတာနဲ့ မနည်းအရဲစွန့်ပြီး လာရတာကို''

တကယ်လည်း အိမ်ကိုတောင်အသိမပေးဘဲ ခိုးထွက်လာရခြင်းသာ။ဒီအချိန်ကာလက ရိုးရိုးတန်းတန်းအပြင်သွားရင်တောင် Maskအုပ်နေရသည့်အခြေအနေ၊ခုလို လူနာရှိသည့်အိမ်ကို သွားလာပြီး ပူးကပ်နေဖို့ဆိုတာ အိမ်ကသာသိရင် ကိုယ့်ကို ဆူလိုက်မည့်ဖြစ်ခြင်း။

''ဘာလို့လာမယ်လို့မပြောတာလဲ''

ဖုန်းကို လက်စသတ်လိုက်ပြီး မေးလာသောစကား။

''ပြောတော့ရော လာခိုင်းမှာမို့လို့လား''

မြတ်ရဲ့စိတ်နဲ့ဆို ကိုယ်လာမယ်လို့ပြောရင် မလာဖို့တားမှာက အသေအချာပင်။

''အိပ်ဦးမယ် ခဏလောက်''

''အင်း အိပ်လေ။ငါ ဘေးမှာပဲထိုင်နေမယ်''

ခန္ဓာကိုယ်ကို ခပ်ကွေးကွေးအနေအထားပြုရင်း ခဏအကြာမှာတော့ မြတ်အိပ်ပျော်သွားလေပြီ။ဆေးသောက်ထားသည့်အရှိန်လည်း ရှိနေတော့ နဖူးစပ်မှာလည်း ချွေးစလေးများ အစီအရီစိမ့်ထွက်လာလေ၏။အသာအယာ သုတ်ဖယ်ပေးရင်း ပါးပြင်လေးကို အုပ်ကိုင်မိသည့်အခိုက် ဝဲတက်လာသည့် မျက်ရည်စအချို့ကလည်း ကိုယ့်မျက်ဝန်းအိမ်ထဲ လျှံကျချင်လာသည်။

ဆံသားခွေလေးများကို ဖွကိုင်လိုက်၊နဖူးလေးကို စမ်းလိုက်၊ပါးလေးကိုထိကပ်ထားလိုက်နှင့် ကိုယ်အလုပ်ရှူပ်နေသော်လည်း မြတ်ကတော့ ဘာမှသိပုံမရ။ကိုယ့်ဘက်စောင်းအိပ်လာချိန်မှာ ကြမ်းပြင်ပေါ် ကျသွားသည့် လက်တစ်ဖက်ကိုလည်း ကိုယ့်လက်ထဲသာအသာအယာဆုပ်က်ုင်ထားလိုက်သည်။အရင်ဆို နေမကောင်းဖြစ်တိုင်း ကိုယ့်ကို ပူးကပ်နေချင်သည့်ဒီကလေးက ခုတော့ ကိုယ့်ကိုမထိအောင် ခန္ဓာကိုယ်ကို ကျုံ့နိုင်သမျှကျုံ့နေရပုံပင်။

မြတ် (မြတ် )Kde žijí příběhy. Začni objevovat