ရင်းမင်က အစကတော့ ပြန်ပြောဦးမလို့ပဲ။ ဒါပေမဲ့ သူ့ရဲ့အနောက်ကို တစ်စုံတစ်ယောက် ရောက်လာခဲ့တာကြောင့် ဝမ်းသာအားရ ဂါဝရပြုလိုက်လေတယ်။

“ဘိုးဘေးဆရာသခင်တို့ကို ဂါဝရပြုပါတယ်..”

“ကျုပ်တို့တံခါးပိတ်လေ့ကျင့်နေတာကို ဘာကိစ္စကြောင့် ဆင့်ခေါ်ရတာလဲ..? ဘာတွေဖြစ်နေတာလဲ..?”

ရင်းမိသားစုမှာ စွမ်အားအဆင့်မြင့်ဆုံး ဘိုးဘေး ၃ ယောက်ရှိလေတယ်။ မိသားစုမှာ သေရေးရှင်ရေးပြဿနာမျိုး မပေါ်လာသရွေ့ သူတို့တွေထဲက တစ်ယောက်ကိုတောင် တွေ့ရမှာမဟုတ်ဘူး။ ဒီတစ်ခေါက်တော့ ရင်းမင်ရဲ့ အချက်ပြမှုကြောင့် သူတို့သုံးယောက်လုံး အမြန်ပြေးလာခဲ့ရတယ်။

ဒါပေမဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ လူငယ်တွေရဲ့ ပြဿနာဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား။ ဘယ်မှာ အရေးကြီးကိစ္စရှိလို့လဲ..? သဘာဝကျစွာပဲ ဘိုးဘေးသုံးယောက်က ဒီပြဿနာတွေဖြစ်စေတဲ့ ရင်းမင်ကိုသာ မကျေမနပ်ဖြစ်နေတော့တယ်။

ရင်းမင်က ကမန်းကတက် ရှေ့တိုးလိုက်ပြီး ရင်းဆုယဲ့ရဲ့ ထူးခြားချက်တွေကို ဘိုးဘေးသုံးယောက်အား ခပ်တိုးတိုး ပြောပြလိုက်လေတယ်။ ထိုခဏချင်းပင် ဘိုးဘေးသုံးယောက်ရဲ့ ရင်းဆုယဲ့အပေါ်အကြည့်တွေက ထက်ရှလေးနက်လာခဲ့တော့တယ်။

“ငါတို့နဲ့လိုက်ခဲ့..!”

ဘိုးဘေးတွေက ရင်းဆုယဲ့ကို နည်းနည်းမှ ယဉ်ကျေးမှုမရှိတဲ့လေသံနဲ့ အမိန့်ပေးလိုက်တယ်။ သူတို့ရဲ့လေသံက ရင်းဆုယဲ့ကို အခုလိုစကားပြောတာကတောင် ချီးမြှောက်ရာရောက်နေပြီဆိုတဲ့ ဟန်ပန်မျိုးအပြည့်။

အတိတ်တုန်းက ရင်းဆုယဲ့ရဲ့ မှော်ပညာအုတ်မြစ် ပျက်စီးသွားပြီး သိုင်းပညာကို လေ့ကျင့်နိုင်ခဲ့တဲ့အချိန် ရင်းဆုယဲ့ကို အမျိုးမျိုးစမ်းသပ်ခဲ့ကြတဲ့လူတွေထဲမှာ ဒီလူကြီးသုံးယောက်လည်း ပါဝင်ခဲ့လေတယ်။ နှစ်တွေကြာမြင့်ခဲ့ပြီးနောက် သူတို့လက်လျော့တော့မယ့်အချိန် ရင်းဆုယဲ့က နောက်ထပ်အံ့အားသင့်စရာကိစ္စတစ်ခုနဲ့အတူ ပြန်ရောက်လာခဲ့တာကြောင့် ဘိုးဘေးသုံးယောက်လည်း ကြိတ်ပျော်နေကြတော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now