“အဲ့တာ ဘယ်သူလဲဟင်..?” ရွှယ်ယို့ရှန်းက မေးလိုက်တယ်။

သူကိုယ်တိုင်ရေးသားခဲ့တဲ့ ဝတ္ထုဆိုတော့ လူတိုင်းကိုသိနေပေမယ့် သူတို့တွေရဲ့ အသွင်အပြင်ကိုတော့ လုံးဝမရင်းနှီးဘူး။ နာမည်မပြောဘူးဆိုရင် သူ့ရှေ့မှာမတ်တပ်ရပ်နေရင်တောင် ဘယ်ဇာတ်ကောင်မှန်း သိမှာမဟုတ်ဘူး။

“ရင်းဝူရွှမ်..” ရင်းဆုယဲ့က တိုတိုပြတ်ပြတ် ပြောဖြေလိုက်တယ်။

“အဲ့တာသူလား..?!” ရွှယ်ယို့ရှန်းက ခေါင်းညိတ်ပြီး သူသိကြောင်း ​ပြောလိုက်တယ်။

ဘာမဟုတ်တဲ့အစောင့်လေးတွေနဲ့ အချိန်ဖြုန်းပြီးပြီဆိုတော့ အရေးပါတဲ့ အမြှောက်စာဇာတ်ကောင်လေး ထွက်လာခဲ့ပြီပေါ့..! ဒီတစ်ယောက်က နည်းနည်းတော့ မလွယ်ဘူး..!

ရင်းဝူရွှမ်ဆိုတာ ရင်းဆုယဲ့ရဲ့ အသုံးမကျတဲ့အဖေ နောက်ထပ်ယူထားတဲ့မိန်းမရဲ့သားပဲ။ ပြီးတော့ ရင်းဆုယဲ့ကို အချိန်တိုင်း အနိုင်ကျင့်နေခဲ့တဲ့ တစ်ယောက်ပေါ့။ ရင်းအိမ်တော်မှာ ရင်းဆုယဲ့ကို အဆိုးဝါးဆုံးအနိုင်ကျင့်တဲ့လူက ရင်းဝူရွှမ်ဆိုရင် ဒုတိယမြောက်အဆိုးဝါးဆုံးက ရင်းဝူရွှမ်ရဲ့အမေလို့ ပြောရမယ်။

“ရင်းဆုယဲ့.. မင်းကများ ငါ့ကိုလျစ်လျူရှုရဲတယ်..?!”

အိမ်တော်ထိန်းကို သတ်လိုက်မိတာကြောင့် ရင်းဆုယဲ့ အပြစ်မကင်းသလို ခံစားနေရလိမ့်မယ်လို့ ရင်းဝူရွှမ်က ထင်မြင်နေခဲ့တယ်။ အဲ့တာကြောင့် ထိုအခွင့်အရေးကို အသုံးချပြီး ရင်းဆုယဲ့ကို အကြောက်တရားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသိသွားအောင် ပညာပေးပစ်ရမယ်လို့ တွေးနေခဲ့တယ်။

ဒါပေမဲ့ ရင်းဆုယဲ့က သူ့ကိုအလျော့မပေးတဲ့အပြင် လုံးဝလျစ်လျူရှုထားခဲ့တယ်။ ပြီးတော့ ဘာမဟုတ်တဲ့ကလေးတစ်ယောက်ကို စကားလှည့်ပြောနေခဲ့တယ်။ ထိုအချက်က ယုတ်မာဆိုးဝါးတဲ့ ရင်းဝူရွှမ်ရဲ့ဒေါသကို နှိုးဆွလိုက်သလိုပဲ။

ဒါပေမဲ့ ရင်းဆုယဲ့နဲ့တိုက်ခိုက်ဖို့ သူ့ရဲ့လူတွေကို အလောတကြီးမလွှတ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒီလူတွေက ရင်းဆုယဲ့ရဲ့ ပြိုင်ဘက်မဟုတ်မှန်း အရမ်းသိသာလွန်းနေတယ်။ အဲ့တော့ ပိုပြီးအင်အားကောင်းတဲ့ အကူအညီကို စောင့်နေမှဖြစ်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now