“သခင်လေး.. ကျွန်တော်တို့အတွက် တရားမျှတမှုရှာပေးပါ..”

ရင်းဆုယဲ့ကို တိုးလျှိုးတောင်းပန်နေကြတဲ့ တံခါးစောင့်တွေက ရင်းဝူရွှမ်ရဲ့အသံကို ကြားလိုက်တာနဲ့  ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး အော်ဟစ်ကြတော့တယ်။ သူတို့အမြင်မှာတော့ ရင်းဝူရွှမ်ကမှ ရင်းအိမ်တော်ရဲ့ သခင်လေးအစစ်၊ ပြီးတော့ သူတို့ခစားရမယ့်သခင်ပဲ။

“အိမ်တော်ထိန်းရော..?”

ရင်းဆုယဲ့ကိုဖြေရှင်းဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ထားခဲ့ပေမယ့် သူရောက်လာတော့ အသုံးမကျတဲ့ တံခါးစောင့်တွေပဲ ရှိတော့တယ်။ သူလွှတ်ထားတဲ့လူက ဘယ်ရောက်သွားတာလဲ..?

“ရင်းဆုယဲ့ သတ်ပစ်လိုက်ပြီ..!”

တံခါးစောင့်တွေက အိမ်တော်ထိန်းသေသွားတဲ့မြင်ကွင်းကို ပြန်မြင်ယောင်မိတိုင်း တုန်လှုပ်သွားကြရပေမယ့် ရင်းဝူရွှမ်ကို အမြန်ပြန်ဖြေလိုက်တယ်။ ရင်းဆုယဲ့က အိမ်တော်ထိန်းကို ဘယ်လိုနည်းလမ်းနဲ့ သတ်လိုက်လဲဆိုတာ သူတို့လည်း မသိဘူး။ အရမ်းထူးဆန်းလွန်းတယ်..!

ရင်းဆုယဲ့ရဲ့ အရှိန်အဝါအောက်မှာ ပြားပြားဝပ်ခဲ့ရပေမယ့် ရင်းဆုယဲ့ကို အိမ်တော်သခင်လေးလို သဘောမထားဘဲ နာမည်ကို တိုက်ရိုက်ခေါ်ဝေါ်လိုက်တာက တမင်မခန့်လေးစားလုပ်နေမှန်း သိသာလွန်းနေခဲ့တယ်။

“ရင်းဆုယဲ့.. မင်းဘာပြောချင်သေးလဲ..?”

အိမ်တော်ထိန်းက ရင်းဆုယဲ့ကြောင့်သေသွားမှန်း သိလိုက်ရတဲ့အချိန် ရင်းဝူရွှမ်ရဲ့စိတ်ထဲမှာ ကျေနပ်သွားခဲ့တယ်။ သူကိုယ်တိုင် ပြဿနာမရှာရသေးပေမယ့် ရင်းဆုယဲ့က ပြဿနာအကြီးကြီးရှာထားခဲ့ပြီ။

ရင်းဝူရွှမ်က ရှေ့တစ်လှမ်းတိုးပြီး ရင်းဆုယဲ့ကို မောက်မာထောင်လွှားစွာ စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်တယ်။ ဒီတစ်ခေါက်တော့ မျက်မြင်သက်သေတွေ အများကြီးပဲ။ ရင်းဆုယဲ့.. မင်းလွှတ်မြောက်မှာမဟုတ်တော့ဘူး..!

ရင်းဝူရွှမ်က မောက်မာစွာ မေးလိုက်ပေမယ့် ရင်းဆုယဲ့က ဘယ်သူ့ကိုမှမမြင်သလို တစ်ဖက်လှည့်သွားပြီး သူ့ဘေးနားမှာရပ်နေတဲ့ ရွှယ်ယို့ရှန်းကို ငုံ့ကြည့်လိုက်တယ်။ ကောင်လေးက တစ်ခုခုပြောချင်နေဟန်ဖြင့် သူ့ရဲ့အင်္ကျီလက်ကို ဆောင့်ဆွဲနေတော့ ရင်းဆုယဲ့လည်း နာနာခံခံ ခေါင်းငုံ့ပေးလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now