CHAPTER-7

375 77 6
                                    

UNICODE

အပိုင်း ()

လီတုန့်နှင့်အခြားသူများကတော့ နောက်ဆက်တွဲဖြစ်ပျက်လာတော့မည့် ပရမ်းပတာအခြေအနေကို သတိပြုမိသည့်အလျောက် ရှဲ့ပိုင်အား တားဆီးခြင်းမပြုရဲကြ။ ယုတ်စွအဆုံး ရှဲ့ပိုင်၏မြင်ကွင်း၌ မနေရလေ ကောင်းလေဖြစ်၏။ အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေပြီး ရှဲ့ပိုင်အတွက် လမ်းဖွင့်ပေးသည့်အနေဖြင့် ဘေးသို့ ဖယ်ပေးလိုက်ကြ၏။

ရှဲ့ပိုင်က ဗီရိုစင်တံခါးပေါက်ကြီးထိ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်။ ဦးစွာအနေဖြင့် မြေပြင်ထက်ရှိ ယောင်အလောင်းသုံးစကို ကောက်ယူလိုက်၏။ ထို့နောက် အင်္ကျီအိတ်ကပ်ထဲ လက်နှိုက်ရင်း  ကြမ်းပြင်ရှိ အက်ကွဲကြောင်းနံဘေး၌ ဆောင့်ကြောင့်ထိုင်ချသည်။ လက်တစ်ဖက်က အိတ်ကပ်ထဲမှ တစ်ခုခုကို ယူရန်ဟန်အပြင် အနောက်၌ ရပ်နေသည့် ယင်ဝူရှု၏မကျေမချမ်းပြောဆိုသံကို နားဖြင့်ဆတ်ဆတ်ကြားလိုက်ရသည်။

"ကျစ် သွေးကွက် နင်းမိသွားပြန်ပြီ"

ရှဲ့ပိုင်မှာတော့ ယင်ဝူရှုအား ဂရုတစ်စက်မှမပြုဘဲ ကြမ်းပြင်အက်ကွဲကြောင်းအတွင်းရှိ အရာဝတ္ထုတစ်ခုအား ဆွဲယူလိုက်သည်။

ဤသည်က အနီရင့်ရောင်ပုလဲလုံးလေးပင် ဖြစ်ချေ၏။ သို့သော် အရွယ်အစားကမူ ဆန်စေ့ထက်ပင် သေးငယ်တော့သည်။ လက်ချောင်းထိပ်နှစ်ခုအကြား ညှပ်ထားရင်း အာရုံခံကြည့်မိသည်။ မျက်နှာပြင်အနေအထားက ကြွပ်ဆတ်ကာ မာကျောလှ၏။ ဖိလိုက်ရုံနှင့်ပင် မသက်မသာခံစားရစေသည်။ ရှဲ့ပိုင်လည်း ကျိုးပဲ့ကြေမွမည်စိုးသဖြင့် အားနှင့်ပင် ဖိမကိုင်ရဲ။

"ဘာများပါလိမ့်?"

ရှဲ့ပိုင်လည်း မတ်တပ်ပြန်ရပ်လိုက်၏။ ထို့နောက် နီရင့်ရင့်ပုလဲလုံးလေးကို လက်ဖဝါးအလယ်၌ ဆုပ်ကာ ယင်ဝူရှုအရှေ့တွင် ဖြန့်ပြလိုက်သည်။

အမြင်အားဖြင့်ဆိုရပါလျှင် ထိုအရာဝတ္ထုက အင်မတန်မှပင် သာမန်ဆန်လွန်းလှသည်။ ဤပုလဲလုံးဟာ တစ်ယောက်ယောက်၏အဝတ်အစားမှ ပြုတ်ကျကျန်ရစ်ခဲ့သည့် အဆင်တန်ဆာဟုဆိုပါလျှင်မူ တပ်အပ်ယုံကြည်လောက်မည့် အနေအထားတွင် ရှိ၏။ သို့သော်ငြား ဤသို့သောနေရာ၊ ဤသို့သောအချိန်မျိုးတွင် တွေ့မြင်ရခြင်းကြောင့် ပုလဲလုံးက ထိုမျှလောက် မရိုးရှင်းနိုင်တော့။ တစ်စုံတစ်ဦးက အလောင်းအပိုင်းအစများကို နေထားတကျ ခင်းကျင်းထားခဲ့ခြင်း ဖြစ်ရမည်။ အကယ်၍များ မန္တန်စီရင်မှုက တစ်ခု၊ သို့တည်းမဟုတ် တစ်ခုထက်ပိုသည့်အလောင်းစများ၌ ထည့်သွင်းထားမည်ဆိုပါက အတိမ်းအစောင်းမခံသည့်အခြေအနေဖြစ်သွားပေလိမ့်မည်။ အလောင်းစများကို ခင်းကျင်းခဲ့သူက နမော်နမဲ့နိုင်ခြင်း မဖြစ်နိုင်။ ထို့ကြောင့် ယေဘုယျဆန်လှသော အနီရင့်ရောင်ပုလဲလုံးက မြေကြီးလက်ခတ်မလွဲ အသုံးဝင်လာလိမ့်မည်သာ။

မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || The Yin GuestWhere stories live. Discover now