နှုတ်ဆက်ပြီးတာနဲ့ ကျွန်တော်စျေးတန်းတွေကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ပြီးတော့ တံတားတစ်ဖက်ကမ်းကို ကူးပြီး သူမရှိရာသို့ ကျွန်တော်တက်တက်ကြွကြွဖြင့် အပြေးတစ်ပိုင်း သွားခဲ့သည်။

လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော်ရောက်ရှိခဲ့သော ပျဥ်ထောင်အိမ်လေးက အခုတိုက်အိမ်ဖြစ်နေပြီ။ အိမ်ရှေ့က ပန်းပင်လေးတွေကလည်း အရောင်အသွေးစုံလို့ လှလှပပ။ လူခြေတိတ်နေတာကြောင့် ခြံတံခါးရှေ့ကနေ ကျွန်တော်လှမ်းအော်ခေါ်လိုက်သည်။

" မမရေ မမ "

ကျွန်တော်ခေါ်လိုက်တယ်ဆိုရင်ပဲ အမျိုးသမီးလေးတစ်ယောက် ပြေးထွက်လာသည်။ ကျွန်တော် ချစ်သော သူမ။

" ဒိတ် ဆိုတာလား "

သူမရဲ့ ချိုသာတဲ့အသံလေးတွေ အပြုံးလေးတွေကြောင့် ကျွန်တော် ဝမ်းသာပီတိတွေ ဖြစ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

သူမက တံခါးကိုဖွင့်ပေးရင်း ကျွန်တော်ဝယ်လာတဲ့ နှင်းဆီအဖြူရောင် ပန်းစည်းလေးကို ငေးကြည့်နေသည်။ ဒီတော့မှ ကျွန်တော်လည်း သတိဝင်လာပြီး

" မမအတွက် "

ကျွန်တော် လက်နှစ်ဖက်နဲ့ ကမ်းပေးတော့ မမ ပျော်ရွှင်သွားသည်။ ကျွန်တော့်ကိုလည်း ကျေးဇူးတင်ပါတယ်ပြောရင်း နှင်းဆီပန်းစည်းကို နမ်းရှိုက်လိုက်၏။ ထိုအချိန် တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ကိုတောင် သတိရလိုက်မိသေးသည်။

သူက
ပန်းပွင့်ကလေးကို နမ်းတယ်
ငါ..........
လူစင်စစ်က
ပန်းပွင့်ဖြစ်ပါစေသားလို့
ကျွန်တော် ဆုတောင်းမိတယ်။

အခုနေ တန်ခိုးရှင်တစ်ပါးက လိုရာဆုတောင်းပါဆိုရင် သူမနမ်းရှိုက်လိုက်တဲ့ နှင်းဆီဖြူလေးအစား ကျွန်တော့်ပါးလေး ဖြစ်ပါရစေလို့ ဆုတောင်းမိမှာ။ ဇာခြည်ရေ မင်းကိုငါ ဒီလောက်ထိ ဒီ့ထက်မက ချစ်ပါတယ်။ ဒါကို မင်းမြင်အောင်ကြည့်စမ်းပါ။ ဒီအိမ်ထဲ ငါတို့နှစ်ယောက်ထဲ ငါ့အချစ်တွေကို မြင်အောင် ကြည့်စမ်းပါ ဇာခြည်။ ဘယ်လောက်ကြာကြာ ငါစောင့်နိုင်ပါတယ်။

မမအိမ်ထဲဝင်တော့ ကျွန်တော်လည်း မမနောက်က လိုက်ရင်း ခြံထဲကို အကဲခတ်ကြည့်လိုက်တယ်။ အရာရာက ပြောင်းလဲနေပြီ ဇာခြည်။ မင်းရော အရင်လို တစ်ယောက်ထဲလား ဒါမှမဟုတ်
ကျွန်တော် ခေါင်းခါရမ်းလိုက်သည်။ သက်ပြင်းပူကို မှုတ်ထုတ်ရင်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိ၏။ ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပါ။

မမ ( Complete )Where stories live. Discover now