သူ မလိမ္မာခဲ့ချင်ပါဘူး...။

........................................................................

ကောပြန်သွားသည့်တိုင် သူ နေရာက မရွေ့နိုင်သေးပါ။
ကောရှေ့မှာ ဘယ်လိုပဲ ဟန်ဆောင်နေနိုင်ခဲ့၊နေနိုင်ခဲ့ သူလည်း နှလုံးသားရှိတဲ့လူပဲမလား။
သူလည်း နာကျင်တတ်တဲ့လူပဲမလား။

ကောနဲ့စတွဲပါပြီဆိုကတည်းက တစ်နေ့နေ့ ဒီလိုစကားမျိုးကြားလာရမှာကို ဘယ်လောက်ကြောက်ခဲ့တယ်ဆိုတာ သူ့ကိုယ်သူ အသိဆုံးသာဖြစ်သည်။

ဟိုးအရင်ကတည်းက သူနဲ့အပြင်သွားတိုင်း
အပြန်မှာ ဒူးရင်းဆိုအနံ့တောင်မခံနိုင်သည့် ကောက ဒူးရင်းရေခဲမုန့် ဝယ်ဝယ်သွားတတ်တာ တစ်စုံတစ်ယောက်အတွက်ဆိုတာ သူသိပါသည်။ဒါဟာ အသေးအဖွဲဖြစ်သည် ဆိုလျှင်တောင် သူသိနေခဲ့ပါသည်။ တစ်စုံတစ်ယောက်အတွက် ဂရုတစိုက်ရှိခြင်းတွေကို သူမြင်နေခဲ့ရပါသည်။

'နောက်နေ့ ကောဘာသာပဲ စီးသွားလိုက်ပါမယ် ၊ ကောကို နားလည်ပေးနော်'ဆိုတဲ့ စက်ဘီးနောက်ခုံပေါ်က လေပြေလေးနှင့် ပြောသော ချွေးသိပ်စကားတွေကို သူမုန်းလိုက်တာ၊ အဆိုးဆုံးကတော့ 'ဟုတ်'ဆိုတာက လွဲရင် ပြန်မပြောတတ်ခဲ့သည့် သူ့ကိုယ်သူ မုန်းလိုက်တာ ဆိုတာလေ။

ကောနင်းတဲ့စက်ဘီးပေါ်မှာ
တစ်စုံတစ်ယောက်က နေရာယူထားသည်ကို
ညီလေးတစ်ယောက်အနေပဲ ဖြစ်ဖြစ်
ချစ်သူတစ်ယောက်အနေပဲ ဖြစ်ဖြစ်
သူ မတားဆီးနိုင်ခဲ့ပါ။
မတားဆီးရက်ခဲ့ပါ။
တားဆီးနိုင်မည်ဟုလည်း သူမထင်ပါ။
ဒါဟာ နာကျင်ရတယ်ဆိုရင်တောင်
ကျောင်းသွားကျောင်းပြန် ပြုံးပြုံးရွှင်ရွှင်နဲ့
တစ်စုံတစ်ယောက်ကို စက်ဘီးပေါ်တင်ကာ
မမောတမ်းနင်းတတ်သည့် ကောကို
ငေးရတာ သူ သဘောကျသည်လေ။
ကောကို ငေးရတာ သူသိပ်သဘောကျသည်လေ။

အခွင့်အရေးရမယ်ဆိုလျှင်တော့
ပြောပြချင်ပါသေးသည်။
ကလေးတစ်ယောက်ဟာ
တစ်စုံတစ်ယောက်ရဲ့စက်ဘီးနောက်ခုံပေါ်မှာ ထိုင်စီးချင်တာ မဟုတ်ပဲ
ထိုတစ်စုံတစ်ယောက်ကိုသာ
စက်ဘီးပေါ် တင်နင်းချင်ခဲ့တာ ဖြစ်ကြောင်း
ထိုအခွင့်အရေးလေးကိုသာ
လိုချင်ခဲ့တာဖြစ်ကြောင်း
သူပြောပြချင်ပါသေးသည်။

တစ်ဘဝလုံးစာအတွက် စဉ်းစားချင်ပါသည် ဆိုသော စကားမှာ သူ့အတွက် မျှော်လင့်ချက်
ကျန်၏၊မကျန်၏ သူမသိပါ။
သူဟာ ဟိုးအရင်ကတည်းက
ရွေးချယ်ခံမဟုတ်တာကိုတော့
သူ ကောင်းကောင်းသိပါသည်။
သူ ကောင်းကောင်းနားလည်ပါသည်။

ထိုသူ ပြန်လာ၏ ၊ မလာ၏ဆိုတာလည်း
သူ မပြောတတ်ပါ။
သူကတော့ စောင့်မြဲစောင့်နေမှာ သေချာပါသည်။
လိမ္မာတဲ့ ကလေးတစ်ယောက်က
ဘယ်လောက်ကြာပါစေ
တစ်စုံတစ်ယောက်ကိုတော့ဖြင့်
ငြိမ်ငြိမ်လေးထိုင်စောင့်နေနိုင်မှာပါ။

တကယ်တော့
သူ စောင့်နေရပေမယ့် သူမစောင့်ချင်ပါ။
သူ လိမ္မာနေရပေမယ့် သူမလိမ္မာချင်ပါ။
လိမ္မာတဲ့ ကလေးတွေက အချစ်မခံရဘူးလေ...
ဟုတ်တယ်မလား...။

By Fair Means or Foul || Completed ||Where stories live. Discover now