“လူအင်အားအများကြီးနဲ့ အနိုင်ကျင့်နေတာ မဟုတ်ဘူးလား..?”

ရွှယ်ယို့ရှန်းက ဒီမြင်ကွင်းကို တခြားစကားစုတစ်ခုနဲ့ ဖော်ပြသင့်တယ်လို့ တွေးလိုက်မိတယ်။ ‘လူဆိုးတွေက အလှလေးကို နှောင့်ယှက်ခြင်း’ ပဲ။ ဝတ္ထုတွေရဲ့ ဇာတ်ကွက်ပုံစံအရဆို ဒီလိုအချိန်မှာ အဓိကဇာတ်လိုက်က သူရဲကောင်းဆန်ဆန် ထွက်ပေါ်လာပြီး အလှလေးကို ကယ်တင်ကာ လူစွမ်းကောင်းဝင်လုပ်ရမယ့် အချိန်ပါပဲ။

ကံမကောင်းချင်တော့ ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဇာတ်လမ်းအရ အဓိကဇာတ်လိုက်က ရင်းဆုယဲ့နဲ့ နားလည်မှုလွဲပြီး တိုက်ပွဲဖြစ်ခဲ့တာ သိပ်မကြာသေးဘူး။ တိုက်ပွဲမှာ အဓိကဇာတ်လိုက်က ဒဏ်ရာအနည်းငယ်ရသွားတော့ အခုလောက်ဆို မြူနှင်းတောအုပ်ထဲမှာပဲ ရှိနေဦးလိမ့်မယ်။

အဲ့တာဆို လက်ရှိအနေအထားနဲ့ ‘အလှလေးအတွက် လူစွမ်းကောင်းလုပ်ခြင်း’ ဇာတ်ကွက်ကို စတင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒီလိုတွေးလိုက်မိတော့ ရွှယ်ယို့ရှန်းမှာ ရင်းဆုယဲ့ကို ဘာကြောင့်ရယ်မသိ လှည့်ကြည့်လိုက်မိတယ်။ အဓိကဇာတ်လိုက် ရှိနေရမယ့်အစား ဗီလိန်ကြီးရင်းဆုယဲ့က ဒီရောက်နေတာပဲ.. အာ..!

ဒီလိုတွေဖြစ်နေမှတော့ ဇာတ်ကြောင်းက ဘယ်လိုလုပ် ရှေ့ဆက်နိုင်ပါဦးမလဲလို့..?!

“မှားနေပြီ..”

ရွှယ်ယို့ရှန်း လှည့်ကြည့်လာတော့ ရင်းဆုယဲ့လည်း မျက်နှာအမူအရာကို ထိန်းသိမ်းရင်း ရွှယ်ယို့ရှန်းရဲ့ စကားကို လေးနက်စွာ တုံ့ပြန်လိုက်တယ်။

“ခန့်မှန်းတာ မှားသွားတာလား..?”

ဦးနှောက်အပေါက်က ပိုပိုကြီးလာတာများလား..? ရွှယ်ယို့ရှန်းခမျာ ရင်းဆုယဲ့ ဘာပြောချင်နေမှန်း ဒီတစ်ခေါက်တော့ နားမလည်ရှာတော့ဘူး။ အစောပိုင်းက သူပြောလိုက်တာက.. ‘လူအင်အားအများကြီးနဲ့ အနိုင်ကျင့်နေတာ မဟုတ်ဘူးလား..?’ ဆိုတဲ့စကားပဲ။ အဲ့တော့ ‘ခန့်မှန်းတာ မှားနေပြီ’ဆိုတာ ဘာသဘောလဲ..? ‘လူအင်အားနည်းနည်းလေးနဲ့ အနိုင်ကျင့်နေတာ မဟုတ်ဘူးလား’လို့ ပြောရမှာလား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now