ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကို အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက အကာအကွယ်စည်းတွေနဲ့ တန်ပြန်မန္တန်တွေ သူတို့ပတ်ပတ်လည်မှာ ခင်းကျင်းထားပြီးသား။ ပြီးတော့လည်း သူ့ရဲ့ စိတ်စွမ်းအင်နဲ့ ဒီနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပြီးပြီ။ ဘယ်လိုလှုပ်ရှားမှုပဲဖြစ်ဖြစ် သူ့ရဲ့ စိတ်အာရုံကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အန္တရာယ်ရှိတယ်လို့ ခံစားမိလိုက်တာနဲ့ သူ ချက်ချင်းနိုးထလာပြီး အမြန်ဆုံး တုံ့ပြန်နိုင်လိမ့်မယ်။

ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေတတ်တာ သူ့ရဲ့ ပင်ကိုဗီဇလိုတောင် ဖြစ်နေခဲ့ပြီ။ အတိတ်ဘဝရဲ့ အတွေ့အကြုံတွေက တွေ့တဲ့လူတိုင်းကို မယုံကြည်တတ်အောင် သင်ပေးခဲ့တယ်လေ။ သူ့အတွက် အလိုအပ်ဆုံးစွမ်းရည်က ‘ကိုယ့်ကိုယ်ကို ကာကွယ်ခြင်း’ ပါပဲ။

သူ မထင်မှတ်ထားခဲ့တာက သူ့ရဲ့လုပ်ရပ်တွေကို ရွှယ်ယို့ရှန်းက နည်းနည်းလေးတောင် မရိပ်မိခဲ့ဘူး။ ထိုအစား သူ့ကို ဖြစ်သလိုလုပ်သွားတယ်ဆိုပြီး အပြစ်တင်နေလေရဲ့။ အကာအကွယ်စည်းတွေကို ရွှယ်ယို့ရှန်းမသိအောင် တမင်ဖုံးကွယ်ထားတာ မဟုတ်ပေမယ့်လည်း သူ့ရဲ့ လှုပ်ရှားမှုက အရမ်းမြန်လွန်းလို့ ဒီကောင်လေး မမြင်လိုက်တာများလား..?

ဒီလိုတွေးမိလိုက်တော့ ရင်းဆုယဲ့မှာ ငိုရခက်ရယ်ရခက် ဖြစ်သွားရတယ်။ အထူးသဖြင့် သူ့ဘေးနားမှာ ရွှယ်ယို့ရှန်း စောင့်ကြည့်ပေးနေတဲ့ အချိန်ပေါ့။ ကောင်လေးက သူ့ကို တရစပ်စကားပြောရင်း ပတ်ဝန်းကျင်ကိုလည်း တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တယ်။

အဲ့တာကြောင့် သူလည်း ရွှယ်ယို့ရှန်းကို ရှင်းပြဖို့ စဉ်းစားခဲ့ပြီးမှ လက်လျော့လိုက်မိတယ်။ ကောင်လေး သူ့ကို ဂရုစိုက်ပြီး စောင့်ရှောက်ပေးနေတာကို အရမ်းသဘောကျမိလို့လေ..!

ကြာပန်းရဲ့ စွမ်းအင်တွေကို စုပ်ယူနေတဲ့အချိန်မှာတောင် ရွှယ်ယို့ရှန်းရဲ့ အပြုအမူတွေကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့မိတယ်။ ရွှယ်ယို့ရှန်းရဲ့  အပြုအမူနဲ့ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေရင်း ဒီကောင်လေးက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲလို့ ရင်းဆုယဲ့ရဲ့ စိတ်ထဲ တွေးလိုက်မိတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now