ဟုတ်တယ်၊ သူ လိမ်ခဲ့မိတယ်။ ဒါပေမဲ့ ဘယ်သူ့အတွက်လဲ..? အကုန်လုံးက ဒီမျက်နှာသေနဲ့ လူကြီးအတွက်လေ။ တစ်ဖက်လူရဲ့ စိတ်ကောင်းစေတနာကို ဘယ်လိုလက်ခံရမှန်းမသိတဲ့ ဒီလူကြီးအတွက်ပဲလေ။ အဲ့တာကြောင့် လိမ်ခဲ့မိတာကို…

“ကိုယ် လိမ်တာကို မုန်းတယ်..”

ပြောရင်းဆိုရင်း ရင်းဆုယဲ့ရဲ့ မျက်လုံးတွေက မှေးမှိန်ဖျော့တာလာပြီး မကောင်းတဲ့စိတ်ရိုင်းတွေ တစ်ကိုယ်လုံး ပျံ့နှံ့လာခဲ့လေတယ်။

ရွှယ်ယို့ရှန်းလို ခံစားချက်မဖုံးကွယ်တတ်တဲ့ လူတစ်ယောက်အတွက် ရင်းဆုယဲ့က သေသေချာချာ အကဲခတ်နေဖို့တောင် မလိုအပ်ခဲ့ပါဘူး။ အကြည့်တစ်ချက်နဲ့တင် ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲမှာ ဘာတွေတွေးနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ခဲ့တယ်။ အဲ့တာကြောင့်ပဲ အစကတည်းက ရွှယ်ယို့ရှန်းကို သူ အလွယ်တကူ လက်ခံနိုင်ခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ အမုန်းတရားက အမုန်းတရားပါပဲ။ ဘယ်သူလုပ်ပါစေ၊ ဘာကြောင့်လုပ်ပါစေ၊ ဘာမှမပြောင်းလဲသွားဘူး။ အရင်ဘဝတုန်းက သူ့ဘဝတစ်လျှောက်လုံး အလိမ်အညာတွေ၊ မုသားတွေကြားမှာ နစ်မြုပ်ခဲ့ရပြီးပြီ။ အဲ့တာကြောင့် အလိမ်အညာတွေကို မုန်းတီးတဲ့စိတ်က အရိုးစွဲနေခဲ့ပြီ။ အချိန်တိုအတွင်း ပြောင်းလဲလို့ မရနိုင်တော့ဘူး။

ရွှယ်ယို့ရှန်း သူ့ကို လိမ်ညာခဲ့တဲ့ ရည်ရွယ်ချက်က သူ့ကောင်းကျိုးအတွက်ဆိုတာသာ မသိထားရင် ဘယ်လိုလုပ်ရပ်မျိုး လုပ်မိမလဲဆိုတာ သူကိုယ်တိုင်တောင် မသိတော့ဘူး။ သူယုံကြည်ရတဲ့လူရဲ့ လိမ်ညာလှည့်ဖြားခံနေရတဲ့ ခံစားချက်က တကယ့်ကို ကြောက်ဖို့ကောင်းတယ်။

“ခင်ဗျား အဆင်ပြေရဲ့လား..?”

မလှုပ်မယှက် မတ်တပ်ရပ်နေတဲ့ လူကြီးဆီက အေးစက်စက်အငွေ့အသက်တွေကို ခံစားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားပြီး ရင်းဆုယဲ့ကို မော့ကြည့်လိုက်မိတယ်။ ထိုအခါမှ တစ်ဖက်လူရဲ့ အခြေအနေက တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသွားခဲ့တယ်။

လက်ရှိရင်းဆုယဲ့ရဲ့ မည်းမှောင်နေတဲ့ မျက်နှာထားက ရွှယ်ယို့ရှန်းကို မြင်ကွင်းတစ်ခု ပြန်မြင်ယောင်လာစေခဲ့တယ်။ သူ့ရဲ့ လက်ရှိခံစားချက်က ရင်းဆုယဲ့ကို ပထမဦးဆုံး စတွေ့ခဲ့တဲ့အချိန်တုန်းက အတိုင်းပဲ။ သွေးလွှမ်းနေတဲ့ အလောင်းတွေကြားမှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေခဲ့တဲ့ နတ်ဘုရား၊ သို့တည်းမဟုတ် မိစ္ဆာတစ်ကောင်ရဲ့ ပုံရိပ်ကိုပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now