ဒီတစ်ခါတော့ ရွှယ်ယို့ရှန်းက ပါးစပ်ထဲတွေ့ရာ လျှောက်ပြောလိုက်တာပဲ။ သူ သုံးလို့မရတာ မဟုတ်ဘူး၊ အခုအချိန်မှာ မသုံးရဲသေးတာ။ သူ့လက်ရှိခန္ဓာကိုယ်ရဲ့ စွမ်းအင်အစစ်အမှန်နဲ့ ဝိဉာဉ်စွမ်းအင်အဆင့်ကို သေသေချာချာ မသိသေးဘဲနဲ့ စွမ်းအားတိုးတက်အောင် အလောတကြီး လုပ်လိုက်မယ်ဆိုရင် အရမ်းကို အန္တရာယ်များတယ်။ နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားတာနဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအားဖောက်ပြန်ပြီး လမ်းမှားရောက်သွားနိုင်တယ်။ ဒါမှမဟုတ် ပေါက်ကွဲပြီး သေတောင် သေသွားနိုင်တယ်။

ဒီအချက်တွေအပြင် နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက် ရှိနေသေးတယ်။ ဒီကမ္ဘာကြီးရဲ့ ပစ္စည်းအရင်းအမြစ်တွေအကြောင်း သူသိထားပြီးသားဆိုတော့ သူလိုချင်ရင် သွားရှာယူလိုက်ရုံပဲ။ အဲ့တော့ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းလို ရတနာမျိုးက သူ့အတွက် သိပ်အရေးမကြီးဘူး။

“မင်းလိမ်နေတာ..”

ရုပ်တည်ကြီးနဲ့ပြောနေတဲ့ ရွှယ်ယို့ရှန်းကို ကြည့်ပြီး ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက ရုတ်ချည်း အေးစက်လာခဲ့တယ်။ ပြန်လည်မွေးဖွားလာတဲ့ ရင်းဆုယဲ့က လူတွေရဲ့ ခံစားချက်ပြောင်းလဲမှုကို အာရုံခံနိုင်တဲ့နေရာမှာ ဆရာတစ်ဆူလို့တောင် ပြောလို့ရနေပြီ။ အဲ့လိုမှမသိခဲ့ရင် အတိတ်ဘဝရဲ့ သစ္စာဖောက်ခံရမှုတွေကြားမှာ မရေမတွက်နိုင်အောင် အသတ်ခံရလိမ့်မယ်။

အတတ်နိုင်ဆုံး ကြိုးစားရုန်းကန်ခဲ့ပေမယ့်လည်း နောက်ဆုံးတော့ မလွတ်မြောက်ခဲ့ပါဘူးလေ။ သူ… သေဆုံးခဲ့ရတာပါပဲ။

“………”

ရွှယ်ယို့ရှန်းရဲ့ နှုတ်ခမ်းထောင့်တွေ မဲ့ရွဲ့သွားရတယ်။

ရင်းဆုယဲ့.. ကောင်းကင်ရဲ့ အလိုဆန္ဒကို ဆန့်ကျင်ဖို့ ကြိုးစားနေပြန်တာလား..ဟမ်..?

သူလိမ်နေတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် စကားတစ်ခွန်းတည်းနဲ့ အတိအကျကြီး ဖော်ထုတ်ပစ်ဖို့ လိုအပ်လို့လား။ ပြောနေတဲ့လူကို ရှေ့ထားပြီး အကြင်နာတရားမရှိ အလိမ်ဖော်ထုတ်ပစ်တာမျိုး ဘယ်သူလုပ်လို့လဲဗျာ..?!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now