"ဟာ သူရစိုး။ ငါ့ကို လာတွေ့တာလား"

နှုတ်ဆက်သံကြားလို့ ကြည့်လိုက်တော့ စံပယ်ဖြူ။ စံပယ်ဖြူက ကျွန်တော့်သူငယ်ချင်းလည်း ဟုတ်သလို ကျွန်တော့်အချစ်ဦးဆိုရင်လည်း မမှား။

"အမ်။ စံပယ် နင်က ဒီကျောင်းမှာ စာသင်နေတာလား"

စံပယ်ဖြူက ကျွန်တော့်အရှေ့ကခုံမှာ ဝင်ထိုင်လိုက်တယ်။

"အေး ဟုတ်တယ်။ နင်က သိလို့ ငါ့ဆီလာတာမဟုတ်ဘူးလား"

"ဟမ်... မဟုတ်ပါဘူး။ ငါက ကလေးတစ်ယောက်ကို လာကြိုတာ"

"သြော်... မသိပါဘူး။ ငါ ဒီမှာရှိနေမှန်းသိလို့ လာတာလားလို့။ နင် အခုထိ အိမ်ထောင်မပြုရသေးဘူးလို့ကြားတယ်။ ဘာလဲ အခုထိ ငါ့ထက်ပိုပြီး ချစ်ရတဲ့သူ မတွေ့သေးဘူးလား"

"အကိုသူရစိုး..."

ကျွန်တော် စံပယ်ဖြူနဲ့ စကားပြောနေတုန်း ဆိုင်ဝကနေ ကျွန်တော့်နာမည်ကို အသားကုန်အော်လိုက်တဲ့ သီဟနိုင်ကြောင့် ကျွန်တော့် ခန္ဓာကိုယ်တောင် တစ်ချက်တုန်သွားရတယ်။

"ကလေးလေး။ ရောက်လာပြီလား"

ထိုင်နေရာကနေ ကျွန်တော်ထပြီး သူ့ဆီသွားလိုက်တယ်။ စံပယ်ကလည်း အနောက်ကနေ ထပြီး ကျွန်တော့်နောက်လိုက်လာတယ်။

"သြော် ကလေးတစ်ယောက်ကို လာကြိုတယ်ဆိုတာ သူ့ကိုလား။ ဘယ်သူလဲ။ နင့်ညီဝမ်းကွဲလား။ ချစ်စရာလေးပဲ"

"ဘယ်ကလာညီဝမ်းကွဲရမှာလဲ။ ငါ့အမျိုးသား။ ငါ သူနဲ့ လက်ထပ်ထားတာ"

"......"

"ကလေးလေး။ သူက စံပယ်ဖြူတဲ့။ ကိုယ့်ရဲ့ ငယ်သူငယ်ချင်း။ ပြီးတော့ ရည်းစားဟောင်း။ သူက ဒီကျောင်းမှာ ဆရာမလုပ်နေတာ"

သီဟနိုင်က ကျွန်တော်မိတ်ဆက်ပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက်ညိတ်ပြီး စံပယ့်ကို နှုတ်ဆက်တယ်။ စံပယ်ကတော့ ကျွန်တော်တို့ကိုကြည့်ပြီး ဆွံ့အနေလေရဲ့...

"ဆောင်းတွင်းဆိုတော့ ကလေးလေး ရေချိုးနောက်ကျနေမှာစိုးလို့ ငါတို့ပြန်ပြီနော်"

"သြော် အေးအေး"

အံ့သြတကြီးဖြစ်နေတဲ့ စံပယ့်ကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ထွက်လာခဲ့လိုက်တယ်။ စံပယ်နဲ့ ကျွန်တော်က ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေဖြစ်ပြီး တက္ကသိုလ်ရောက်တော့ ချစ်သူတွေဖြစ်ကြတယ်။ ချစ်သူသက်တမ်း လေးနှစ်ပြည့်တော့ ကျွန်တော်တို့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ကြတယ်။ နောက်ပိုင်းတော့ ကျောင်းတွေလည်းပြီးသွားကြတော့ သူနဲ့ သိပ်ပြီးမဆုံဖြစ်တော့ဘူး။

"အကိုသူရ ခင်ဗျား ရည်းစားဟောင်းနဲ့တွေ့ချင်လို့ ကျွန်တော့်ကို အစောကြီးလာကြိုတာလား"

"ဟာ မဟုတ်တာကလေးရာ။ ကိုယ် ကလေးတို့အိမ်ရောက်တော့ အိမ်မှာ ကလေးအမေတစ်ယောက်တည်း ရှိနေတယ်လေ။ သမက်နဲ့ ယောက္ခမဆိုပေမယ့် မိန်းမနဲ့ယောက်ျားဖြစ်နေတဲ့အတွက် နှစ်ယောက်တည်း ရှိနေတာက အများအမြင်မှာ မသင့်တော်ဘူး။ အဲ့ဒါကြောင့် အိမ်ကိုခဏဝင်ပြီး ကလေးဆီပဲ ထွက်လာခဲ့လိုက်တာပါ"

"မသိပါဘူး။ ကျွန်တော်က ခင်ဗျား ရည်းစားဟောင်းနဲ့ တွေ့ချင်လို့ အစောကြီးလာတာလားလို့"

"မဟုတ်ပါဘူးကွာ။ သူ ကလေးတို့ကျောင်းမှာရှိမှန်းတောင် ကိုယ်က သိတာမဟုတ်ဘူး။ ဒါနဲ့ ကလေးက ဒီနေ့ အစောကြီးထွက်လာပါလား။ ဘာဖြစ်လို့လဲ။ စာသင်ရတာ စိတ်မပါလို့လား"

"မဟုတ်ဘူး။ ဟိုကောင်ငမိုးက မင်းလင်ကြီး ကျောင်းအပြင်မှာ စော်လေးတစ်ပွေနဲ့ ကလူးနေတယ်ပြောလို့ ထွက်လာတာ"

"ကိုယ့်ကို သဝန်တိုတယ်ပေါ့"

"တိုစရာလား"

"ကိုယ် မိန်းမတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး စကားပြောနေတာကို ကလေးဘယ်လိုမှ မခံစားရဘူးလား"

"ကျွန်တော့်ကို ပစ်သွားမှာစိုးလို့ နည်းနည်းတော့ စိတ်ပူသွားတယ်။ အကိုသူရစိုး အခုကတည်းက ကျွန်တော်ပြောထားမယ်နော်။ ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ ကွာရှင်းပေးမှာ မဟုတ်ဘူး"

"ဟားဟား ကလေးရာ... ဒီကောင်ကြီးကို အပျော်လုံးဆို့ပြီး သေအောင်လုပ်နေတာလား။ စိတ်ချ။ ကိုယ်ကလည်း ကလေးကို ဘယ်တော့မှ ကွာရှင်းပေးမှာ မဟုတ်ဘူး"

"ပြီးတာပဲ"

တကယ်နော်။ ကျွန်တော် သူ့ကို ပို,ပိုချစ်လာတာလဲ မပြောနဲ့ သူကိုက တအားချစ်ဖို့ကောင်းနေတာ။

"ပြင်ဦးလွင်မြို့ထဲမှာ ကိုယ်ခြံတွေ့ထားပြီ။ ကလေးကို ပြဦးမယ်လို့ ပြောထားတယ်။ ကလေးကြည့်ပြီးလို့ သဘောကျတယ်ဆိုရင် ကိုယ် ငွေချေတော့မှာ။ ဘယ်လိုလဲ။ ဒီအပတ် သွားကြည့်ကြမလား"

"သွားမယ်။ သွားမယ်။ အိမ်ရောက်ရင် ရေချိုးပြီးတာနဲ့ တန်းသွားကြမယ်"

"ဟုတ်ပြီ။ ဒါဆို သေချာကိုင်ထားလိုက်တော့။ ကိုယ် အမြန်မောင်းပြီ"

"Go! Go!"

5.11.2021

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now