၀၂၃- စားကောင်းသောက်ဖွယ်စားရဖို့အတွက်

1.1K 212 9
                                    

[Unicode]

"ဖွီ!"
စုနွမ်နွမ် တံတွေးတွေးလိုက်သည်။
"ရှင် ကျွန်မကို သူကမြင့်မြတ်တဲ့ပုံစံရှိတယ်လို့ ပြောလိုက်တာလား။ ဟက်! ရှင်တကယ်ပဲ ရှင့်စကားတောင် ရှင်ပြန်ယုံနိုင်ရဲ့လား။ သူကွာရှင်းစာချုပ်အကြောင်းကို သေချာပေါက် ဘယ်ပြောပါ့မလဲ။ သူတကယ်ပဲ အဲ့ဒီ့လောက်တုံးတယ်ဆိုရင်၊ ရှင့်ကိုယ်လုပ်တော်တွေကြားမှာ သူ့နေရာကိုဘယ်ထိန်းထားနိုင်မလဲ။ သူလုပ်စရာလိုတာက ရှင့်ကိုဒေါသထွက်အောင် ဆွပေးရုံပဲလေ။ ရှင်ဒီကို အရမ်းဒေါသထွက်ပြီး၊ တိုက်ခိုက်ဖို့အသင့်အနေအထားနဲ့ ရောက်လာတာပဲကြည့်လေ။"
"ကံမကောင်းတာက၊ သူ့ရဲ့ချစ်လှစွာသောခင်ပွန်းက စားကောင်းသောက်ဖွယ်တွေနဲ့ဆိုရင် အရမ်းကိုအားပျော့တဲ့ တိတ်တိတ်ပုန်းအစားသမားဖြစ်နေတယ်ဆိုတာ သူ့စိတ်ကူးထဲမှာတောင် မစဥ်းစားဖူးတာပဲ။ ဒီအခက်အခဲလေးလောက်ကို ကျွန်မသာသာလေးခုန်ကျော်သွားနိုင်ဖို့ ခွင့်ပြုလိုက်တယ်လေ။ ခိခိခိ၊ လူ့အလိုနတ်မလိုက်နိုင်ဆိုတာ ဒါမျိုးကိုပြောတာပဲ။ ဟေး၊ ရှင်ကျွန်မကိုပြောကြည့်။ သခင်မယွင် ဒါကိုသိသွားလို့ကတော့၊ ဒေါသထွက်ပြီး သေသွားမယ်လို့ထင်လား။"
"အချိန်ခဏလေးအတွင်းမှာကိုပဲ မင်းရဲ့လျှာစောင်းပိုထက်လာပြီး ပိုအဆိပ်ပြင်းလာတာပဲ။"
သွမ့်ထမ်းရွှမ် နောက်ထပ်ခွန်းတုံ့ပြန်စရာ စကားမရှိတော့လို့၊ သူ့ခေါင်းကို တစ်ခြားဘက်ပဲ လှည့်လိုက်ဖို့တတ်နိုင်တော့သည်။ အချိန်ကိုက်ပဲ စိုးရိမ်ပူပန်နေတဲ့မျက်နှာနဲ့ ဟုန်လျန် မီးဖိုချောင်ထဲက ထွက်လာသည်။
သူ အလျင်အမြန်ပဲ သူတို့နားကိုကပ်လာရင်း၊ သွမ့်ထင်းရွှမ်ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သူတို့ကိုပြုံးပြရင်း ပြောလိုက်သည်။
"မမလေး၊ မမလေးပြောခဲ့တဲ့အတိုင်း ဘဲနှစ်ကောင်ကို အမွှေးနှုတ်ပြီး သန့်ရှင်းပြီးပါပြီ။ ကျွန်မတို့အခု ဆားနည်းနည်းနဲ့နယ်ပြီး မီးဖိုချောင်ထဲက ကြောင်အိမ်ထဲမှာ တွဲလောင်းချိတ်ထားပါတယ်။"
"အင်း၊ ကောင်းတယ်။ မနက်ဖြန် စားဖိုဆောင်ကို ငါတို့ဆီ အကင်ဖိုတစ်ခု လာပို့ခိုင်းလိုက်။"
စုနွမ်နွမ် ခေါင်းညိတ်ရင်း ပြောလိုက်သည်။ ခဏလောက်စဥ်းစားပြီးတော့ သူထပ်ပြောသည်။
"အဲ့ဒီ့ရွှယ်အမျိုးသမီးက ငါတို့လိုချင်တာမပေးဘူးဆိုရင်၊ နင်တို့သခင် တောင်းခိုင်းလိုက်တာလို့သာပြောလိုက်..."
"ဝေး!"
သွမ့်ထင်းရွှမ်မျက်နှာ မည်းမှောင်နေသည်။
"မင်း ငါတို့မိသားစုဘဏ္ဍာတိုက်ကို အလွဲသုံးစားလုပ်ဖို့ ငါ့နာမည်ကို မသုံးလို့ရမလား။ ပြီးတော့ အဲ့ဒါကို ငါ့ရှေ့တည့်တည့်မှာ ပြောစရာလား။ ငါနားမကြားဘူးလို့ မင်းထင်နေလား။"
"ဟမ်! အဲ့ဒီ့တော့ ရှင်ဘဲကင်မစားချင်ဘူးလား။ ဒါမှမဟုတ် ဘဲစွပ်ပြုတ်ကော။ မစားချင်လည်းရတယ်လေ။ ကျွန်မရှင့်ကို အသိမပေးဘူးလို့တော့မပြောနဲ့၊ ကျွန်မရဲ့ဘဲကင်က သိပ်မဆိုးလှဘူး..."
စုနွမ်နွမ် မျက်နှာသေနဲ့ ပြောလိုက်သည်။
သွမ့်ထင်းရွှမ်ကိုကြည့်ရတာ မရှူနိုင်မကယ်နိုင်ဖြစ်နေပုံရသည်။ သူအတင်းအကြပ် တံတွေးမျိုချရင်း အော်ပြောလိုက်တယ်။
"ခဏနေအုံး၊ ငါဘဲကင်မစားချင်ဘူးလို့ ဘယ်သူပြောလဲ။"
"ရှင့်ဘာသာရှင်ပဲ ပြောသွားတာလေ။ ရှင့်နာမည်ကို အလွဲသုံးစားလုပ်ပြီး ရှင့်သိက္ခာကိုချတယ်ဆို..."
စုနွမ်နွမ် ခေါင်းတစ်ဖက်ကို စောင်းလိုက်ရင်း သူ့ကိုကြည့်လိုက်သည်။ သူမရဲ့အပြစ်ကင်းချင်ယောင်ဆောင်နေတဲ့ မျက်လုံးတွေက သူ့ကိုရူးအောင်လုပ်တော့မလိုပင်။ 'ဒီမိန်းမ... မင်းအမေပဲ။ သူပိုပိုပြီး ကိုင်ရတွယ်ရခက်လာတာပဲ။'
"ကောင်းပြီ၊ ကောင်းပြီ၊ အကင်ဖိုသွားယူလိုက်၊ ငါတောင်းတာလို့သာပြောလိုက်။"
နောက်ဆုံးမှာတော့၊ ဘဲကင်ရဲ့ဆွဲဆောင်မှုက အလွန်ကြီးမားသည်။ သွမ့်ထင်းရွှမ် စိတ်မသက်မသာဖြစ်နေတဲ့မျက်နှာနဲ့ စုနွမ်နွမ်ကို ကြည့်လိုက်သည်၊ သူ ဘယ်လိုတောင် သူ့ပြိုင်ဖက်ရဲ့ ကမ်းကုန်အောင် အနိုင်ယူတာကို ခံလိုက်ရမှန်း နားမလည်နိုင်အောင်ဖြစ်နေသည်။ သူဘဲကင်ကို မစားဖူးတာလည်းမဟုတ်ဘဲနဲ့၊ ဘဲစွပ်ပြုတ်ကိုဆိုရင် သူအရမ်းတောင်မုန်းနေပြီလေ။ ဒါနဲ့များ အဲ့ဒီ့မိန်းမ ဘဲကင်နဲ့ ဘဲစွပ်ပြုတ်အကြောင်းပြောတုန်းက၊ သူ့ရဲ့လက်ရာက ထူးခြားနေမယ်လို့ သူခံစားနေရတာလဲ။"

The Feast (စားတော်ပွဲ)Where stories live. Discover now