လမ်းမှာခရီးတထောက်နားတော့ သီဟနိုင်က အန်တယ်။ အစာမရှိရင် ပိုဆိုးမှာစိုးလို့ ကျွန်တော်က သူ့ကို တစ်ခုခုစားခိုင်းပေမယ့် သူကမစား။ ဆီပါတဲ့ဘယ်ဟာမဆို မစားချင်ဘူးတဲ့။ သူကငြင်းတယ်။ နောက်တော့ ခေါင်းကြည်သွားအောင်ဆိုပြီး လိမ္မော်ရည်တော့သောက်တယ်။ ကျန်တာတော့ ဘာမှမစား။
သူမစားတော့ ကျွန်တော်လည်း ဘာမှမစားချင်တော့။ အဲ့ဒါနဲ့ တကယ်လို့ ကားပေါ်မှာ ဗိုက်ဆာလာရင် စားဖို့ဆိုပြီး မြေပဲပြုတ်သည်တွေ့တာနဲ့ ဝယ်လာလိုက်တယ်။
ကားပြန်ထွက်တော့ သီဟနိုင်က ကျွန်တော့်ပခုံးကို လာမှီတယ်။ ကျွန်တော်က သူ့ဆံပင်လေးတွေထဲကို လက်နဲ့အသာအယာထိုးမွရင်း သူအိပ်ပျော်သွားအောင် ချော့မြူနေမိတယ်။
'အမြန်လို အနှေးဖြစ်'ဆိုသလိုပဲ ခရီးက တော်တော်နဲ့မရောက်နိုင်။ ဘေးက ကျွန်တော့်ကလေးရဲ့မျက်နှာကလည်း အတော်လေးကို နွမ်းလျနေရှာပြီ။
နောက်တော့ ကျွန်တော်သူ့ကိုမကြည့်ရက်တာနဲ့ သူအာရုံပြောင်းအောင် စကားစကြည့်လိုက်တယ်။
"ဒီတစ်ခေါက်ကျောင်းပိတ်ရင် ဘယ်တွေသွားချင်လဲ"
"တိမ်ပင်လယ်"
"ပြီးတော့ရော"
"ပြင်ဦးလွင်ဆိုပြီးတာပဲ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်"
"ကလေးကျောင်းပြီးရင် နောင်ချိုမှာမဟုတ်ဘဲ ပြင်ဦးလွင်မြို့ထဲမှာ အိမ်ခွဲနေကြဖို့ ကိုယ်တွေးထားတယ်။ ကလေးရော ဘယ်လိုသဘောရလဲ"
"ခင်ဗျား ကျွန်တော့်ကို ခြံတစ်ခြံလည်း ဝယ်ပေးထားသေးတာကို ပိုက်ဆံရှိသေးလို့လား"
"အင်း။ အခု မကွေးမှာရှိတဲ့ လယ်တွေကို အပြီးရောင်းတော့မလို့"
"ဘိုးဘွားပိုင်တွေဆို ခင်ဗျားဟာတွေလား"
"အင်း အဲ့ဒါကိုယ့်ဟာတွေ။ ဘွားဘွားက ကိုယ့်ကိုအမွေပေးသွားတာ"
"တကယ်! အကိုသူရစိုး... ခင်ဗျားကဘောစိပဲဗျ"
"မပူနဲ့။ ကလေးလည်း မကြာခင်ဘောစိဖြစ်တော့မှာ"
ကျွန်တော်ပြောတော့ ကျွန်တော့်ပေါင်ကို လက်သီးနဲ့ပိတ်ထိုးတယ်။ ပြီးတော့ ကျွန်တော်နေမကောင်းဘူးနော်တဲ့ ပြောပြီး ကျွန်တော့်ဆီကနေ ခွာသွားတယ်။ သူ့ပုံစံကြောင့် ကျွန်တော်က မရယ်ဘဲမနေနိုင်ခဲ့။
"မြေပဲပြုတ်တွေ ဝယ်လာတာလား။ ကျွန်တော်ကြိုက်တယ် ကျွေးအုံး"
ကျွန်တော့်ရှေ့က မြေပဲထုပ်ကိုကြည့်ပြီး ပြောလာတဲ့သီဟစကားကြောင့် ကျွန်တော်အတော်လေးကို ပျော်သွားမိတယ်။ သူ့ဗိုက်ထဲ ဘာမှမရှိသေးလို့ စိတ်ညစ်နေခဲ့တာ အခုတော့ သူက လိုလိုလားလားစားချင်တယ်ဆိုတော့ ကျွန်တော်အတော်လေးဝမ်းသာမိတယ်။
အဲ့ဒါနဲ့ အခွံပါတစ်ခါတည်း ခွာကျွေးလိုက်တယ်...
ကိုယ့်ကလေးလေး အလုပ်မရှုပ်ဘဲ အေးအေးဆေးဆေး စားပါစေတော့...----------***----------
ကဲ ဆန့်ဆန့်ကြီးမြို့ကို အလည်တစ်ခေါက်လောက်သွားကြရအောင်။
15.10.2021
P_4 (Uni)
Start from the beginning